သမင်လွှတ်ခန်း
သားများ ပြန်မရောက်သဖြင့် သားပျောက်လိုက်ရှာသော ဂမ္ဘီသည် သားများအလောင်း နှင့် သဝဏ်ကို တွေ့လျှင် ဒဿဂီရိ၏ ညီလာခံသို့ဝင်၍ ရာမ ကို လက်စားချေရန် တောင်းဆိုသည်။ ဒဿဂီရိက ရာမ ကို မယှဉ်ဝံ့သဖြင့် ဂမ္ဘီက တဖက်လှည့်၍ ဦးရီးတော် မာရဇ္ဇဘီလူး အား ရွှေသမင်ငယ် အယောင်ဆောင်စေကာ ရာမ နှင့် လက္ခဏတို့အား အဝေးသို့ ခေါ်ထုတ်သွားချိန်တွင် ဒဿဂီရိက ကို ခိုးယူရန် အကြံပေးသည်။
သမင်လိုက်၊ ဇဠာယု(သကုလ)တိုက်ခန်း၊ သုကြိတ်နှင့်တွေ့ခန်း၊
ရွှေသမင်ကို ဘာကောင်မှန်းပင်မသိသော သီတာက လိုချင်သည်ပူဆာ၍ ရာမ က သမင်ကို ဖမ်းရန်လိုက်သည်။ ရာမ နှင့် သမင် ခပ်လှမ်းလှမ်းအရောက်တွင် သမင်ခတ်၍ လက္ခဏအား လာရောက်ကူညီရန် အော်ဟစ် အကူအညီ တောင်းသော ရာမ ၏ အသံကို ကြားသဖြင့် သီတာက လက္ခဏအား လိုက်စေသည်။ လက္ခဏက ရာမ၏ အသံ မဟုတ်ကြောင်း ပြောသော်လည်း သီတာက လက်မခံသဖြင့် လက္ခဏက ပရိတ်စည်းသုံးတန် တားကာ စည်းပြင်သို့မထွက်ရန် မှာကြားပြီး လိုက်သွားသည် လက္ခဏထွက်လျှင်ထွက်ချင်း ဒဿဂီရိ သည် သီတာကို ခိုးယူရန်ပြင်သည်။ သို့သော် စည်းအတွင်းသို့ မဝင်နိုင်သဖြင့် ရသေ့ယောင်ဆောင်ကာ သီတာကို စည်းအပြင်သို့ ထွက်စေပြီးမှ လက်ဆွဲကာ ရထားပျံပေါ်တင်၍ ကောင်းကင်ခရီးမှ လင်္ကာဒီပ သို့ ပြန်လေသည်။
ကယ်တင်ပါရန် အော်ဟစ်အကူအညီတောင်းခံနေသော သီတာ၏ အသံကို သကုလ ငှက်မင်းကြားသောအခါ ဒဿဂီရိ ၏ ရထားပျံအား တားဆီးတိုက်ခိုက်သည်။ မည်သည့်လက်နက်နှင့်မှ တိုက်ခိုက်မထိုးဖောက်နိုင်သော သကုလ အား သီတာ၏ လက်ဝတ်ရတနာ နှင့် ပစ်ပေါက်တိုက်ခိုက်သောအခါမှ အတောင်ကျိုးကာ မြေသို့ကျသည်။
ရထားပျံသည် သုကြိတ် ပုန်းအောင်းနေသော ကြို့ပင်ထက်မှလည်း ပျံသန်းမိသဖြင့် သုကြိတ်က ရထားပျံအား အမြီးဖြင့် ဖမ်းဆီးတားမြစ်သည်။ ဒဿဂီရိက တောင်းပန်သဖြင့် ပြန်လွှတ်လိုက်သော်လည်း၊ သီတာက ရာမလိုက်လာလျှင် ပေး၍ ဒဿဂီရိ ဖမ်းဆီးသွားကြောင်း နှင့် လိုက်လံကယ်တင်ရန် အကြောင်းကြားပေးရန် ပေးသွားသော မြပုဝါ ကို လက်ခံထားလိုက်သည်။
အရှင် ဖမ်းမရသော ရွှေသမင်ကို ရာမ က မြှားနှင့် ပစ်သတ်လိုက်ပြီး အပြန်တွင် လက္ခဏ နှင့် တွေ့သည်။ တဲနန်းသို့ အရောက်တွင် သီတာကို မတွေ့တော့သဖြင့် လိုက်ရှာရာ သကုလ နှင့် တွေ့ကာ ဒဿဂီရိ ဖမ်းဆီးသွားကြောင်း သိရသောကြောင့် လင်္ကာဒီပ သို့ လိုက်ကြသည်။ မောပန်းသောကြောင့် ကြို့ပင်အောက် အနားယူရင်း လက္ခဏပေါင်ပေါ်တွင် ရာမ အိပ်ပျော်သွားစဉ် လက္ခဏအား မှက်ကြီး တစ်ကောင်က ကိုက်သောကြောင့် ကျောတွင် သွေးချင်းချင်းကျသည်ကို တွေ့သော သုကြိတ်သည် မျက်ရည်ကျသည်။ ထိုမျက်ရည်သည် ရာမ ၏ ရင်သို့ ကျသောအခါ တံတောင်နှင့် ထောင်းခံရသကဲ့သို့ ရှိ၍ လက္ခဏကို အထင်မှားအပြစ်ဆိုသည်။ နောက်မှ အခြားတဦးဦးက ရန်ပြုကြောင်းသိသဖြင့် ရန်သူရှာရာ ကြို့ပင်ထက်မှ သုကြိတ်ကို တွေ့သည်။ သုကြိတ်က တောင်းပန်ကာ ဘာလီနန်းလုသဖြင့် ကြို့ပင်ထက်တွင် ပုန်းနေရကြောင်း လျှောက်ထားသဖြင့် ဘာလီအား နှိမ်နင်းပေးမည်၊ သီတာ ပြန်ရအောင် ကူညီရန် ရာမ က ဆိုသည်။ သုကြိတ်လည်း သီတာ၏ မြပုဝါကို ဆက်၍ သီတာ မှာခဲ့သည်တို့ကိုလျှောက်သည်။
သုကြိတ် ဘာလီ တိုက်ခန်း၊ ဟနုမာန်ဆက်-စေခန်း။
သုကြိတ်က ဘာလီအား စိန်ခေါ်တိုက်စဉ် ရာမက ဘာလီအား မြှားနှင့် ပစ်သတ်လိုက်သည်။ နန်းပြန်ရသော သုကြိတ် အား ရာမ က လင်္ကာဒီပသို့ မချီတက်မီ လင်္ကာဒီပ တွင် သီတာ သေချာပေါက် ရှိ မရှိ သိလိုသောကြောင့် လင်္ကာဒီပ အရောက်သွားနိုင်သောသူ ရှာစေသည်။
ကိဿကိန္နာသမားတော် ဇဗ္ဗုမာန် က ဟနုမာန်ကို ရှာ၍ ဆက်သသည်။ သေးငယ်သော မျောက်ငယ်ကို မြင်သော် ရာမ က သူ့အား မခန့်မငြား ပြုသည် ဟု မျက်၏။ ဇဗ္ဗုမာန်က အကြောင်းစုံလျှောက်သဖြင့် ရာမက မျောက်ငယ်ကို ကျော သုံးချက်သပ်လိုက်သောအခါ ကြီးမားသော ကိုယ် နှင့် အစွမ်းအစကို ဟနုမာန် ပြန်ရရှိလေသည်။ ရာမ က ဟနုမာန် ကို လင်္ကာဒီပ တွင် သီတာဒေဝီ ရှိ မရှိ စုံစမ်းအကြောင်းပြန်ရန် စေလွှတ်လိုက်သောအခါ ဟနုမာန်က လင်္ကာဒီပ သို့ ခုန်ကူး၍ ယင်ကောင် အသွင်ဆောင်ကာ နန်းဆောင်များတွင် လိုက်လံရှာဖွေသည်။
ဘီလူးပန်းစိုက်၊ လင်္ကာဒီပ မီးရှို့ခန်း
ဒဿဂီရိ က သီတာဒေဝီအား မိမိအား လက်ခံရန် အမျိုးမျိုး ဖြားယောင်း သွေးဆောင်သော်လည်း မရသဖြင့် သော်က ဥယျာဉ်တွင် အစောင့်အကြပ်ဖြင့် ထားသည်။
ဟနုမာန် နှင့် ဣျန္ဒြစိတ္တတိုက်ခန်း
ဟနုမာန်သည် သီတာအား သော်က ဥယျာဉ်တွင်တွေ့၍ ရာမ၏ လက်ဝတ်ကို ဆက်သကာ တပါတည်း ကယ်တင် သွားမည့်အကြောင်း လျှောက်ထားသော်လည်း သီတာက ရာမ ကိုယ်တိုင် လာခေါ်မှ လိုက်မည် ဟုဆိုသည်။ ဒဿဂီရီ ပေးသွားသည့် ကော်ကဥယျာဉ်အတွင်း စိုက်ထားသော သရက်သီး ၃ လုံးကို ရာမ၊ လက္ခဏ နှင့် ဟနုမာန် တို့အတွက် ဟနုမာန်အား ပေးရာ ဟနုမာန်က အကုန်စားလိုက်မိသဖြင့် သရက်ပင်ရှိရာအရပ်ကို သီတာ အားမေး၍ သရက်သီးခူးရန် သွားလေသည်။ ဣန္ဒစိတ္တ နှင့် တွေ့၍ တိုက်ပွဲဖြစ်ကာ နဂါးပတ်ကျော့ကွင်းတွင် အဖမ်းခံလိုက်ရသော်လည်း မည်သည့်လက်နက်မျှ မထိခိုက်နိုင်သဖြင့် ဣန္ဒစိတ္တက မေးရာ ဟနုမာန်က အမြီးကို မီးရှို့မှ မိမိသေ မည်ဟု ပြောသည်။ ဘီလူးများလည်း အမှန်ထင်၍ အမြီးကို မီးရှို့သော် ဟနုမာန်က ယင်းမီးဖြင့် လင်္ကာဒီပ ကို မီးရှို့ကာ ပြန်ခဲ့သည်။