About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Sep 13, 2010

မြန်မာ့လက်မှုအနုပညာတခု

သည် post ကို ကိုမိုးသီးက ရေးခိုင်းထားတာ တနှစ်ကျော်လောက် ကြာပါပြီ ... ။ မရေးချင် ရေးချင်နဲ့မို့ မရေးဖြစ်ခဲ့တာပါ။ဖေဖော်ဝါရီ လ တုန်းက ကိုရင်မောင်နဲ့ ဖုန်းပြောဖြစ်ရင်း သူက လက္ခဏ မကိုဋ်ခေါင်း တခေါင်း လိုချင်တယ်ပြောလို့ သူ့အတွက် မကိုဋ်ခေါင်း လုပ်ရင်းက ဒါကို ပို့စ် တခုရေးရင် ကောင်းမယ်ဆိုတာ သတိရလိုက်တာပါ။ ရက် ၅၀ လောက် အချိန်ယူပြင်ဆင်လိုက်ရလို့ Post တွေထဲမှ သည် post လောက် အချိန်ယူပြင်ဆင်ရတာ ကျွန်တော့်မှာ မရှိသေးဘူး ပြောလို့ရမှာပေါ့။

မြန်မာရိုးရာလက်မှုအနုပညာတွေထဲမှာ ပန်းဆယ်မျိုးစာရင်းမဝင်တဲ့ လက်မှုအနုပညာတခု လို့ ပြောရမှာလားမသိဘူး။ သုံးတာကလည်း ရာမာယဏ ဇတ်တော်ကြီးရဲ့ ဇတ်ဝင်ခန်းတွေမှာ၊ ဇတ်တွေထဲမှာ ပဲ သုံးကြတာမို့ပါ။
 ဒါပေမယ့် ပန်းဆယ်မျိုးလုံး မပြည့်တပြည့် ကို စုပေါင်းပြီး အသုံးပြုထား ရတာပါ။
ဒါပေမယ့် သည်ပညာရပ်ကို ကလေးကစားစရာတွေအနေနဲ့ အများစုကတော့ မြင်ဘူးကြပါတယ်။
ရာမာယဏ ဇတ်တော်ကြီး ကပြတဲ့အခါမှာ ဆောင်းကြတဲ့ မကိုဋ်ခေါင်းတွေကို ရာမာယဏ အသင်းဝင်တွေ ကိုယ်တိုင် လုပ်ကြရပါတယ်။ ငယ်ငယ်က ရာမာယဏ ခရေစီဖြစ်ခဲ့တဲ့(အခုလည်း မကျွတ်သေးပါဘူး) ကျွန်တော်လည်း အိုးဘိုရာမအသင်းတိုက်မှာ ဆရာတွေရဲ့ နည်းပြကူညီမှုတွေနဲ့ သည်အတတ်ပညာကို သင်ခဲ့ရပါတယ်။ အဲသည်တုန်းက ကျွန်တော့်ကို အနီးကပ်သင်ပေးခဲ့တဲ့ အိုးဘိုရာမ က ကိုစိန်ဝင်း နဲ့ အသင်းသားဆရာအားလုံးကို ဂါရဝပြုပြီး သည်ပို့စ်ကို ရေးပါတယ်။
ရာမာယဏအသင်းတခုမှာ မကိုဋ်ခေါင်းတခု လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ ကန်တော့ပွဲ ကို အရင်ထိုးကြရတာ အစဉ်အလာပါ။
မကိုဋ်ခေါင်းတခုလုပ်ဖို့အတွက် မို (Mole) တခု လိုအပ်ပါတယ်။
မို (Mole) ကို ပြုလုပ်ရာမှာ အနည်းဆုံး ရွေးချယ်မှု ၂ မျိုး ရှိပါမယ်။
ပထမတစ်မျိုးက ရွံ့၊ ပလာစတာ လိုမျိုးတွေနဲ့ လုပ်ထားတဲ့ မို အပေါ်မှာ စက္ကူအလွှာလွှာကပ်ပြီး ရယူတဲ့နည်းပါ။
ဒုတိယတစ်နည်းကတော့ - ကြိမ် သို့မဟုတ် ဝါးနှီးမျှင်တွေနဲ့ အောက်ခံပုံကြမ်းကို ရက်လုပ်တာပါ။ အခုခေတ်မှာ ကြိမ်နဲ့၊ ဝါးနဲ့ ရက်လုပ်ထားတဲ့  ဆင်းတုတော် (နှီးဘုရား) ကြီးတွေအနေနဲ့ အလွယ်တွေ့နိုင်ပါတယ်။
ကျွန်တော်ကတော့ လွယ်ကူ သက်သာတဲ့ နည်းဖြစ်တဲ့ - ရွှံ့၊ ပလာစတာ စတာတွေနဲ့ ကိုယ် လုပ်ချင်တဲ့ မကိုဋ်ခေါင်းပုံကို မို တခု အရင်လုပ်ရပါတယ်။
အခု အနားမှာ ပလာစတာ မလွယ်လို့ ကျွန်တော် ရွှံ့ကို ရွေးချယ်လိုက်ပါတယ်။
ပထမဆုံး စေးထန်းမှုကောင်းတဲ့ ရွှံ့ကို လောက်စာလုံးအရွယ်လောက်တွေ လုံးပြီး အခြောက်ခံပါတယ်။ ကောင်းကောင်းခြောက်တဲ့အခါ အမှုန့်ထောင်းပြီး ဆန်ကာတိုက်ချပါတယ်။ ဒါမှ ခဲသေးသေးလေးတွေ၊ အမှိုက်တွေ ပါမလာပဲ ရွှံ့စေးကောင်းကောင်းရမှာပါ။ အဲသည်ရွှံ့မှုန့်တွေကို ရေနဲ့ နှဲ၊ ရေစိုဂွမ်းစောင်နဲ့ အုပ်ပြီး သုံးရက်လောက် နှပ်ထားလိုက်ပါတယ်။ ပြီးတော့မှ ကျစ်ပြီး အသားညီသွားအောင် ထု ထောင်း နှဲပါတယ်။ အဲသည်ရွှံ့တုံးကြီးကိုမှ လိုချင်တဲ့ ပုံရအောင် လုပ်ယူပါတယ်။ အဲသည်လို လုပ်တဲ့အခါမှာ လိုချင်တဲ့အရွယ်အစားဖြစ်အောင် ချိန်ကိုက်ယူရပါတယ်။
မကိုဋ်ခေါင်းအတွက် ပင်မခေါင်းအပြင် လိုအပ်တဲ့ အခြား အစိတ်အပိုင်းတွေကိုပါ မို တွေလုပ်ယူရပါသေးတယ်။

မို တွေ ရပြီဆိုတော့မှ မိုတွေပေါ်မှာ စက္ကူအလွှာအထပ်ထပ် ကပ်ရပါတယ်။ အခု ကျွန်တော်က စက္ကူမကပ်ခင်မှာ ကြွပ်ကြွပ်အိပ် နဲ့ အောက်ဆုံးအလွှာကို စပြီးကပ်ပါတယ်။ မို ကနေ စက္ကူ ပြန်ခွာရလွယ်အောင်လို့ပါ။ (ဆရာတွေသင်ထားတဲ့အထဲမှာတော့ မပါဘူးး)။) စက္ကူကို ပြည်တွင်းမှာ မိုင်းကိုင်စက္ကူ ဒါမှမဟုတ် ရှမ်းစက္ကူလို့ အများသိကြတဲ့ လက်လုပ်စက္ကူကို သုံးပါတယ်။ တခြား စက္ကူတွေ စမ်းကြည့်ဖူးပါတယ်။ သုံးလို့မကောင်းပါ။ ကော်ကိုလည်း ဆရာတွေသင်ထားတဲ့အတိုင်း သာကူကို အစေ့ပျောက်အောင် ကြိုပြီး သုံးပါတယ်။ တခြားကော်အမျိုးမျိုး သုံးကြည့်တာ သာကူကော်လောက် သုံးလို့မကောင်းပါ။ စက္ကူကပ်တဲ့အခါမှာ တထပ်ခြောက်မှ နောက်တထပ် ထပ်ကပ်ရပါတယ်။ တထပ်နဲ့ တထပ်ကြား လေမခိုအောင် သတိထားရပါတယ်။ မခြောက်ပဲ နှစ်လွှာ သုံးလွှာ ဆင့်ကဲ ကပ်မိရင်တော့ အတွင်းမှာ ကော်အိပ်ပြီး စက္ကူသား ပွစိစိ ဖြစ်နေပါလိမ့်မယ်။ တလွှာကပ်ပြီး တနေကုန်နေလှမ်း ဆိုတော့ တနေ့တနေ့ အချိန်လည်း အများကြီး မသုံးဖြစ်တော့ပါဘူး။ ကြားထဲမှာ နေမသာလို့ မခြောက်တဲ့နေ့တွေမှာ ထပ်မကပ်ဖြစ်ပါဘူး။ ကျွန်တော် ၁၅ လွှာ ကပ်အပြီးမှာ ၃ ရက်ဆက် နေလှမ်းလိုက်ပါတယ်။ လုံးဝ သွေ့ခြောက်သွားပြီလို့ ယူဆနိုင်မှ စက္ကူကို ထက်ခြမ်းခွဲလိုက်ပြီး စက္ကူကို ခွာထုတ်လိုက်ပါတယ်။ ထု ၀.၁ လက်မ လောက် ကပ်ထူသား နဲ့ ပုံကြမ်းရပါပြီ။
အဲသည်ထက်ခြမ်းသားတွေကို စက္ကူနဲ့ ကော်ကို သုံးပြီ ပြန်ဆက်ပါတယ်။ အရိပ်ထဲမှာ ကော်ခြောက်မှ နေပြန်ထုတ်လှမ်းရပါတယ်။ မဟုတ်ရင် စက္ကူသား ရှုံ့တွသွားမှာမို့ပါ။ ပြန်ဆက်ပြီးတဲ့ ပုံကြမ်းကို အတွင်းက ၅ ထပ် အပြင်က ၅ ထပ် စက္ကူထပ်ကပ်ပါတယ်။ အဲသည်လောက် နည်းတဲ့ စက္ကူထုကိုပဲ သုံးလို့
ဆရာတွေကများ သည် ပို့စ်ကို ဖတ်မိတဲ့အခါ ကျွန်တော့်ကို ဆူဦးမလား လို့ ရေးရင်းတွေးမိပါသေးတယ်။ အခု ကျွန်တော် စုစုပေါင်း ၂၅ လွှာ ပဲ သုံးပါတယ်။
ပြီးတဲ့အခါမှာတော့ ကြမ်းနေတဲ့ မညီညာတဲ့ မျက်နှာပြင်တွေကို ကော်ပတ်နဲ့ စားပြီး အချော သတ်ပါတယ်။ ရေခံ ခံဆေး သုတ်ပါတယ်။
ပြီးတော့ သရိုးမံပြီး လိုအပ်မယ့် စိန်တောင်၊ ကနုတ် တွေ တပ်ဆင်ပါတယ်။ ကျောက်တွေ ဖြည့်ပါတယ်။
နောက်တဆင့်က ရွှေချပြီး၊ ရွှေနဲ့ဖုံးသွားတဲ့ ကျောက်တွေကို ရွှေတွေခြစ်ထုတ်ပြီး ပြန်ဖော်ရတဲ့ အဆင့်ပါ။ ပြည်တွင်းမှာကတော့ ကဖို့အတွက် ရွှေဆိုင်းတွေချတာဆိုတော့ ကုန်ကြမ်းတန်ဖိုးက သည်နေရာမှာ အမြင့်ဆုံးပါ။ (ကျွန်တော်ကတော့ လွယ်ကူသက်သာတဲ့ နည်းလမ်းကိုပဲ ခေတ်မီမီ သုံးလိုက်ပါတယ်။)
လက္ခဏ(၂၀၀၇)
သည်မှာတင် ပြုလုပ်တဲ့အဆင့်က ပြီးပါပြီ။ ရာမာယဏအသင်းမှာတော့ ကန်တော့ပွဲတွေ ဘာတွေ စတဲ့ Process တွေ ကျန်သေးတယ်လေ ... ။
သည် ဘီလူးခေါင်းက မဲဆောက်က ကျော်လင်း ရဲ့သားဆီမှာ (၂၀၀၇)
ကိုသံခဲ ဆီမှာလည်း ဆင်တူ တစ်ခေါင်း (၂၀၀၇)
 
သည် ဟနုမာန် ခေါင်းက(၂၀၀၇) လည်း မဲဆောက်က ကိုလွမ်းဏီသား အောင်ကျော်ဆီမှာ 
(အခုတော့ တခြားတယောက်ဆီ လက်ပြောင်းသွား)(၂၀၁၈)
 

သည်ဒဿဂီရိ ခေါင်း က ကြယ်သီးရဲ့ အော်ဒါ
သည် အတတ်ပညာဟာ အသုံးနည်းတဲ့၊ လူသိနည်းတဲ့အတတ်ပညာတခု ဆိုရင်တော့ မမှားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ သည်လက်မှုပညာနဲ့လုပ်ထားတဲ့ ကစားစရာအရုပ်တွေကို ဘုရားစောင်းတန်း၊ ဘုရားပွဲ စတဲ့နေရာတွေမှာ တွေ့ကြရပါတယ်။ ရှေးမြန်မာ စစ်ခမောက်၊ ဇီးကွက်ရုပ်၊ နွားရုပ်၊ ကျားရုပ် စတဲ့ စက္ကူကစားစရာတွေဟာ သည် လက်မှုပညာနဲ့ ထုတ်လုပ်တာပါ။ သူတို့ကျတော့ ဈေးသက်သာတဲ့ စက္ကူတွေနဲ့ သုံးကြပါတယ်။



သည်ဒဿဂီရိခေါင်းက အောင်ကျော်ဇာနည် ဆီ ရောက်သွား (၂၀၁၄)
 

ဆရာကိုစိန်ဝင်းက ပုဇွန်တောင်မှာရှိနေတုန်းပဲ တဲ့ ..


ဒါက တူတော်မောင် ပူစာလို့ (၂၀၁၅) ..
သမီးအတွက်လည်း လုပ်ပေးရသေးတယ် ..
ဒါပေမယ့် ... သားအတွက် အသုံးဝင်သွားရော (၂၀၁၅)..
 
 ၂၀၁၈ လုပ် ဒဿဂီရီခေါင်း
(၂၀၁၀ မှာ ကိုပြုံးမှာလို့ လုပ်ပေးခဲ့တဲ့ ဘိုးတော်၊ ရာမ၊ လက္ခဏ၊ ဒဿဂီရိ တစ်စုံစာ ပုံတွေ ပျောက်သွားတဲ့ ကင်မရာထဲပါသွားတာကိုပါ ပြန်တွေးမိပြီး နှမြောနေမိသေးတော့ .. )
အိုးဘို နန်းတွင်းရာမာဏ အသင်းက သင်၊ မြင်၊ ကြား ဆရာအားလုံးကို သည်စာနဲ့ ဂါရဝ ပြုလိုက်ပါတယ်။

Read more »

Sep 12, 2010

ရာမ ဇတ်တော်ကြီး - ၅

ရာမ နှင် ဒဿဂီရိ တိုက်ခန်း

ကျောက်တန်းဆည်ခန်း၊ ဘိဘိဇန နှင်ခန်း

သီတာ လင်္ကာဒီပတွင် ရှိကြောင်း အတည်ပြုချက်ရရှိပြီးနောက် ရာမ သည် သုကြိတ်၊ ဟနုမာန် ဦးဆောင်သော ကိဿကိန္နာတပ်နှင့် လင်္ကာဒီပ သို့ စစ်ချီလေသည်။ လင်္ကာဒီပ တဖက်ကမ်းသို့ရောက်သောအခါ လင်္ကာဒီပသို့ ဆက်လက် ချီတက်နိုင်ရန်အတွက် ကျောက်တန်းဆည်စေသည်။ ကျောက်တန်းထက်ဝက်ဆည်မိပြီးနောက် ကျောက်တန်းဆည်သမျှ ရေအောက်မှ ဖျက်စီးနေသောကြောင့် ရန်သူကို ရှာဖွေရာ ပုဇွန်လုံးကြီးတစ်ကောင် ဖျက်ဆီးနေသောကြောင့် ဖမ်းဆီးကာ လက်မချိုး၍ လွှတ်လိုက်ရသည်။

ထိုအချိန် ဒဿဂီရိ၏ ညီလာခံတွင် ဘိဘိဇန က သီတာဒေဝီကို ပြန်မအပ်ပါက ဒဿဂီရိ ပျက်စီးမည်ဖြစ်သောကြောင့် ပြန်အပ်ကာ စစ်ပြေငြိမ်းစကားကမ်းလှမ်းရန် တင်ပြသဖြင့် ဒဿဂီရိက ဘိဘိဇနအား လင်္ကာဒီပမှ မောင်းထုတ်လိုက်သည်။

ဒဿဂီရိ က အကယ်၍ သီတာ မရှိတော့ပါက ရာမ ၏ လင်္ကာဒီပ စစ်ဆင်ရေး ပြန်ရုပ်သိမ်းသွားနိုင်သည် ဟု ယူဆကာ (ကျွန်တော် နာမည်မေ့နေတဲ့) ဘီလူးမ တစ်ဦးကို သီတာဒေဝီ ၏ ရုပ်အလောင်း အဖြစ် ဖောင်ပေါ်တင်ကာ မျှောလွှတ်လိုက်သည်။ အလောင်း ကိုတွေ့သောအခါ ရာမ နှင့် လက္ခဏ က သီတာ ၏ အလောင်းဟု ထင်ကြသည်။ ဘိဘိဇန (ထိုင်း ဗားရှင်း မှာတော့ ဟနုမာန်) က အခြေအနေကို သိ၍ အလောင်းကို မီးသဂြိုလ်ခိုင်းသောအခါ ဘီလူးမ ထွက်ပြေးရသည်။

ဒဿဂီရိစစ်ထွက်ခန်း၊ မီးပုံဆင်း၊ ပြည်တော်ဝင်

ဒဿဂီရိ နှင့် မတိုက်ရမီ ဂုမ္ဘီဂန္ဓ အလျင်ထွက်တိုက်ရာ ဂုမ္ဘီဂန္ဓ ကျသည်။

စစ်ပွဲအတွင်း ပံသုယက္ခ က ရာမ ကို ဘိဘိဇန အယောင်ဆောင်ကာ ခိုးယူသွားသည်။ လက္ခဏက ဘိဘိဇနအား အချုပ်ချထားကာ ဟနုမာန်ကို ရာမအား ကယ်တင်ခိုင်းသည်။ ဟနုမာန်က ရာမ ကို အချုပ်တွင် သွားတွေ့ကာ နောက်နေ့ ယဇ်ပူဇော်ရန် ကန်တော့ခိုင်းပါက ပံသုယက္ခအား မိမိ မကန်တော့တတ်၍ အလျင် ကန်တော့ပြပါ ဟု ဆိုရန် ရာမအား ပြောခဲ့သည်။ ပံသုယက္ခ ကန်တော့ပြနေစဉ် ဟနုမာန်က ပံသုယက္ခအား လုပ်ကြံ၍ ရာမ ကို ကယ်တင်ခဲ့သည်။

ဒဿဂီရိ၏ သား ဣန္ဒြစိတ္တ ကိုယ်ယောင်ဖျောက်ပြီး ထွက်၍ တိုက်သောအခါ ရာမ နှင့် လက္ခဏ ဒဏ်ရာရကာ မိန်းမောလေသည်။ ဇဗ္ဗုမာန်က ဆေးမြစ်ကို ဂန္ဓမာတောင်တွင် ရှာခိုင်းသည်။ ဂန္ဓမာတောင်အရောက် ဟနုမာန်က ဆေးမြစ်ကိုမသိ၍ တောင်ကလာပ်ကို ဖဲ့ကာ ထမ်းပြန်ခဲ့သည်။ ဘိဘိဇနက မိန်းမတဦး၏ မျက်နှာကို ၁၀ နှစ် မမြင်ဖူးသူမှသာ ဣန္ဒြစိတ္တအား မြင်နိုင်မည် ဟု ဆိုသည်။ လက္ခဏက သီတာ၏ မျက်နှာကို မကြည့်ဖူးသဖြင့် ဣန္ဒြစိတ္တ ကို ရှာကာ လက်ညှိုးညွှန်ရာသို့ ရာမက မြှားနှင့် ပစ်သဖြင့် ဣန္ဒြစိတ္တ ကျသည်။

နောက်ဆုံး ဒဿဂီရိကိုယ်တိုင် စစ်ထွက်ရာတွင် ရာမ၏ မြှားသင့်ကာ ဒဿဂီရိ ကျသည်။

သီတာဒေဝီအား ဟနုမာန်က ဆောင်ယူကာ ရာမထံဆက်သသည်။ ရာမ က ဒဿဂီရိထံ ၃ နှစ်လုံးလုံး ရှိနေခဲ့သဖြင့် ပြန်လက်ခံပါက အများ ကဲ့ရဲ့ကြမည် ဟုဆိုသဖြင့် သီတာက သစ္စာဆိုကာ မီးပုံတွင်ဆင်းသည်။ မီးပုံမီးငြိမ်းသဖြင့် ရာမ က သီတာ ကို ပြန်လက်ခံလိုက်သည်။ အယုဒ္ဒယ မှ ထွက်ခဲ့သည်မှာလည်း ၁၂ နှစ် ပြည့်ပြီဖြစ်၍ ရာမ၊ သီတာ နှင့် လက္ခဏတို့ တိုင်းပြည်သို့ ပြန်ကြသည်။

သီတာဒေဝီနှင်ခန်း

တနေ့သောအခါ ရာမ က သီတာဒေဝီ၏ အဆောင်တွင် ဒဿဂီရိ၏ ပုံကိုတွေ့သဖြင့်မေးရာ သီတာက မောင်းမတို့ ဒဿဂီရိအား မမြင်ဖူးသောကြောင့် ပုံဆွဲပြကြောင်း လျှောက်သည်။

ရာမ က သီတာကို နန်းတော်မှ နှင်ထုတ်ကာ အဝေးသို့ ပို့ဆောင်ရန် လက္ခဏအား အမိန့်ပေးသည်။

(မူကွဲမှာ လက္ခဏကို သတ်ခိုင်းတော့ ကိုယ်ဝန်နဲ့မို့ လက္ခဏက မသတ်ဘဲ လွှတ်လိုက်ပြီး ခြင်္သေ့ဆီကို နရဏီ ရွှေခွက်နဲ့ထည့်ပြီး ရာမကို ပြန်ဆက်သတယ် ဆိုပါတယ်။)

သီတာ သည် ရသေ့ ဝါလမိကိ ၏ ကျောင်းတွင် မှီခိုနေထိုင်ရင်း သားတော် နှစ်ပါး ဖွားမြင်သည်။

ရာမ မြင်းလွှတ်ခန်း၊ သားတော်နှစ်ပါး နှင့် စစ်ပြုခန်း

ရာမ က သူ၏ စီးတော်မြင်းကို အတိုင်းတိုင်းအပြည်ပြည်သို့ လွှတ်စေသည်။ မြင်းကိုတွေ့၍ ရာမ ၏ မြင်းမှန်းသိပါက လက်ဆောင်ပဏ္ဏာဆက်ရမည်၊ မြင်းကို ဖမ်းဆီးပါက စစ်ပြုရမည် ဟု လက္ခဏကို တာဝန်ပေးသည်။ ရသေ့ကျောင်းတွင် မွေးသော ရာမ ၏ သားတော် နှစ်ပါးက မြင်းကို ဖမ်းသောကြောင့် စီးချင်းထိုးရာ လက္ခဏ မြှားထိ၍ မိန်းမောကာ စစ်မြေပြင်တွင် ကျန်ခဲ့သည်။

ရာမ ကိုယ်တိုင် လိုက်လာ၍ စီးချင်းထိုးသောအခါ ရာမ လည်း သူငယ်များ၏ မြှားထိသဖြင့် မိန်းမောသည်။ သားတော် နှစ်ပါးက ဟနုမာန်ကို ဖမ်း၍ ရာမ ၏ မကိုဋ်ကို ယူကာ သီတာထံရောက်သောအခါ သီတာက ဖြစ်စဉ်ကို ရှင်းပြကာ ငိုသည်။ ဝါလမိကိရသေ့က ရေစင်ဖြန်းသောအခါ ရာမ၊ လက္ခဏ နှင့် အခြားစစ်သည်များ အသက်ပြန်ရှင်လာကြပြီး ရာမ လည်း သီတာ နှင့် သားတော်များကို ခေါ်ကာ ပြည်တော်သို့ ပြန်သည်။

(မူကွဲမှာ သီတာက ရာမ ခေါ်ရာကို မလိုက်တော့ပဲ သူ့ မူလလာရာအရပ်ဖြစ်တဲ့ မြေထဲကို ပြန်သွားတယ် လို့ ဆိုပါတယ်)

နန်းတွင်း ရာမာယဏ ဇတ်တော်ကြီး လို့ခေါ်တဲ့ ပုံတော်ရာမ ဇတ်လမ်းအကျဉ်းက သည်မှာပဲဆုံးပါတယ်။
ကိုးကား ရည်ညွှန်းစရာ အနားမှာ ဘာမှ မရှိလို့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်က လေ့လာခဲ့ဖူးသမျှကို ပြန်ညှစ်ထုတ်တဲ့အခါ သည်လောက်ထွက်လာတော့မှ ကိုယ့်ရဲ့ ရာမာယဏခရေဇီ ဘယ်လောက်အထိ ဆိုးနေသေးသလဲဆိုတာ ရိပ်မိတော့တယ်။

Read more »

Sep 11, 2010

ရာမ ဇတ်တော်ကြီး - ၎


သီတာဒေဝီ နှင့် ရွှေသမင် (Myanmar Pioneer မှ)

သမင်လွှတ်ခန်း

သားများ ပြန်မရောက်သဖြင့် သားပျောက်လိုက်ရှာသော ဂမ္ဘီသည် သားများအလောင်း နှင့် သဝဏ်ကို တွေ့လျှင် ဒဿဂီရိ၏ ညီလာခံသို့ဝင်၍ ရာမ ကို လက်စားချေရန် တောင်းဆိုသည်။ ဒဿဂီရိက ရာမ ကို မယှဉ်ဝံ့သဖြင့် ဂမ္ဘီက တဖက်လှည့်၍ ဦးရီးတော် မာရဇ္ဇဘီလူး အား ရွှေသမင်ငယ် အယောင်ဆောင်စေကာ ရာမ နှင့် လက္ခဏတို့အား အဝေးသို့ ခေါ်ထုတ်သွားချိန်တွင် ဒဿဂီရိက ကို ခိုးယူရန် အကြံပေးသည်။

သမင်လိုက်၊ ဇဠာယု(သကုလ)တိုက်ခန်း၊ သုကြိတ်နှင့်တွေ့ခန်း၊

ရွှေသမင်ကို ဘာကောင်မှန်းပင်မသိသော သီတာက လိုချင်သည်ပူဆာ၍ ရာမ က သမင်ကို ဖမ်းရန်လိုက်သည်။ ရာမ နှင့် သမင် ခပ်လှမ်းလှမ်းအရောက်တွင် သမင်ခတ်၍ လက္ခဏအား လာရောက်ကူညီရန် အော်ဟစ် အကူအညီ တောင်းသော ရာမ ၏ အသံကို ကြားသဖြင့် သီတာက လက္ခဏအား လိုက်စေသည်။ လက္ခဏက ရာမ၏ အသံ မဟုတ်ကြောင်း ပြောသော်လည်း သီတာက လက်မခံသဖြင့် လက္ခဏက ပရိတ်စည်းသုံးတန် တားကာ စည်းပြင်သို့မထွက်ရန် မှာကြားပြီး လိုက်သွားသည် လက္ခဏထွက်လျှင်ထွက်ချင်း ဒဿဂီရိ သည် သီတာကို ခိုးယူရန်ပြင်သည်။ သို့သော် စည်းအတွင်းသို့ မဝင်နိုင်သဖြင့် ရသေ့ယောင်ဆောင်ကာ သီတာကို စည်းအပြင်သို့ ထွက်စေပြီးမှ လက်ဆွဲကာ ရထားပျံပေါ်တင်၍ ကောင်းကင်ခရီးမှ လင်္ကာဒီပ သို့ ပြန်လေသည်။

ကယ်တင်ပါရန် အော်ဟစ်အကူအညီတောင်းခံနေသော သီတာ၏ အသံကို သကုလ ငှက်မင်းကြားသောအခါ ဒဿဂီရိ ၏ ရထားပျံအား တားဆီးတိုက်ခိုက်သည်။ မည်သည့်လက်နက်နှင့်မှ တိုက်ခိုက်မထိုးဖောက်နိုင်သော သကုလ အား သီတာ၏ လက်ဝတ်ရတနာ နှင့် ပစ်ပေါက်တိုက်ခိုက်သောအခါမှ အတောင်ကျိုးကာ မြေသို့ကျသည်။

ရထားပျံသည် သုကြိတ် ပုန်းအောင်းနေသော ကြို့ပင်ထက်မှလည်း ပျံသန်းမိသဖြင့် သုကြိတ်က ရထားပျံအား အမြီးဖြင့် ဖမ်းဆီးတားမြစ်သည်။ ဒဿဂီရိက တောင်းပန်သဖြင့် ပြန်လွှတ်လိုက်သော်လည်း၊ သီတာက ရာမလိုက်လာလျှင် ပေး၍ ဒဿဂီရိ ဖမ်းဆီးသွားကြောင်း နှင့် လိုက်လံကယ်တင်ရန် အကြောင်းကြားပေးရန် ပေးသွားသော မြပုဝါ ကို လက်ခံထားလိုက်သည်။

အရှင် ဖမ်းမရသော ရွှေသမင်ကို ရာမ က မြှားနှင့် ပစ်သတ်လိုက်ပြီး အပြန်တွင် လက္ခဏ နှင့် တွေ့သည်။ တဲနန်းသို့ အရောက်တွင် သီတာကို မတွေ့တော့သဖြင့် လိုက်ရှာရာ သကုလ နှင့် တွေ့ကာ ဒဿဂီရိ ဖမ်းဆီးသွားကြောင်း သိရသောကြောင့် လင်္ကာဒီပ သို့ လိုက်ကြသည်။ မောပန်းသောကြောင့် ကြို့ပင်အောက် အနားယူရင်း လက္ခဏပေါင်ပေါ်တွင် ရာမ အိပ်ပျော်သွားစဉ် လက္ခဏအား မှက်ကြီး တစ်ကောင်က ကိုက်သောကြောင့် ကျောတွင် သွေးချင်းချင်းကျသည်ကို တွေ့သော သုကြိတ်သည် မျက်ရည်ကျသည်။ ထိုမျက်ရည်သည် ရာမ ၏ ရင်သို့ ကျသောအခါ တံတောင်နှင့် ထောင်းခံရသကဲ့သို့ ရှိ၍ လက္ခဏကို အထင်မှားအပြစ်ဆိုသည်။ နောက်မှ အခြားတဦးဦးက ရန်ပြုကြောင်းသိသဖြင့် ရန်သူရှာရာ ကြို့ပင်ထက်မှ သုကြိတ်ကို တွေ့သည်။ သုကြိတ်က တောင်းပန်ကာ ဘာလီနန်းလုသဖြင့် ကြို့ပင်ထက်တွင် ပုန်းနေရကြောင်း လျှောက်ထားသဖြင့် ဘာလီအား နှိမ်နင်းပေးမည်၊ သီတာ ပြန်ရအောင် ကူညီရန် ရာမ က ဆိုသည်။ သုကြိတ်လည်း သီတာ၏ မြပုဝါကို ဆက်၍ သီတာ မှာခဲ့သည်တို့ကိုလျှောက်သည်။

သုကြိတ် ဘာလီ တိုက်ခန်း၊ ဟနုမာန်ဆက်-စေခန်း။

သုကြိတ်က ဘာလီအား စိန်ခေါ်တိုက်စဉ် ရာမက ဘာလီအား မြှားနှင့် ပစ်သတ်လိုက်သည်။ နန်းပြန်ရသော သုကြိတ် အား ရာမ က လင်္ကာဒီပသို့ မချီတက်မီ လင်္ကာဒီပ တွင် သီတာ သေချာပေါက် ရှိ မရှိ သိလိုသောကြောင့် လင်္ကာဒီပ အရောက်သွားနိုင်သောသူ ရှာစေသည်။

ကိဿကိန္နာသမားတော် ဇဗ္ဗုမာန် က ဟနုမာန်ကို ရှာ၍ ဆက်သသည်။ သေးငယ်သော မျောက်ငယ်ကို မြင်သော် ရာမ က သူ့အား မခန့်မငြား ပြုသည် ဟု မျက်၏။ ဇဗ္ဗုမာန်က အကြောင်းစုံလျှောက်သဖြင့် ရာမက မျောက်ငယ်ကို ကျော သုံးချက်သပ်လိုက်သောအခါ ကြီးမားသော ကိုယ် နှင့် အစွမ်းအစကို ဟနုမာန် ပြန်ရရှိလေသည်။ ရာမ က ဟနုမာန် ကို လင်္ကာဒီပ တွင် သီတာဒေဝီ ရှိ မရှိ စုံစမ်းအကြောင်းပြန်ရန် စေလွှတ်လိုက်သောအခါ ဟနုမာန်က လင်္ကာဒီပ သို့ ခုန်ကူး၍ ယင်ကောင် အသွင်ဆောင်ကာ နန်းဆောင်များတွင် လိုက်လံရှာဖွေသည်။

ဘီလူးပန်းစိုက်၊ လင်္ကာဒီပ မီးရှို့ခန်း

ဒဿဂီရိ က သီတာဒေဝီအား မိမိအား လက်ခံရန် အမျိုးမျိုး ဖြားယောင်း သွေးဆောင်သော်လည်း မရသဖြင့် သော်က ဥယျာဉ်တွင် အစောင့်အကြပ်ဖြင့် ထားသည်။

ဟနုမာန် နှင့် ဣျန္ဒြစိတ္တတိုက်ခန်း

ဟနုမာန်သည် သီတာအား သော်က ဥယျာဉ်တွင်တွေ့၍ ရာမ၏ လက်ဝတ်ကို ဆက်သကာ တပါတည်း ကယ်တင် သွားမည့်အကြောင်း လျှောက်ထားသော်လည်း သီတာက ရာမ ကိုယ်တိုင် လာခေါ်မှ လိုက်မည် ဟုဆိုသည်။ ဒဿဂီရီ ပေးသွားသည့် ကော်ကဥယျာဉ်အတွင်း စိုက်ထားသော သရက်သီး ၃ လုံးကို ရာမ၊ လက္ခဏ နှင့် ဟနုမာန် တို့အတွက် ဟနုမာန်အား ပေးရာ ဟနုမာန်က အကုန်စားလိုက်မိသဖြင့် သရက်ပင်ရှိရာအရပ်ကို သီတာ အားမေး၍ သရက်သီးခူးရန် သွားလေသည်။ ဣန္ဒစိတ္တ နှင့် တွေ့၍ တိုက်ပွဲဖြစ်ကာ နဂါးပတ်ကျော့ကွင်းတွင် အဖမ်းခံလိုက်ရသော်လည်း မည်သည့်လက်နက်မျှ မထိခိုက်နိုင်သဖြင့် ဣန္ဒစိတ္တက မေးရာ ဟနုမာန်က အမြီးကို မီးရှို့မှ မိမိသေ မည်ဟု ပြောသည်။ ဘီလူးများလည်း အမှန်ထင်၍ အမြီးကို မီးရှို့သော် ဟနုမာန်က ယင်းမီးဖြင့် လင်္ကာဒီပ ကို မီးရှို့ကာ ပြန်ခဲ့သည်။

Read more »

Sep 10, 2010

Error !! ... များ ...

Error !!
--> Ctrl + z (undo)( မခက်ပါဘူး ...း) ... )

Error !!
==> Are you sure want to format !! (သွားပါပြီ ...း( ... )

End. (အဲဒါပါဘဲ ... :>o ... )

Read more »

Sep 8, 2010

ရာမဇတ်တော်ကြီး-၃

လက္ခဏ နှင့် ဒုသ၊ ခရ တိုက်ခန်း

မှိုင်ခွဲ၊ ပသျှူးတိုက်

ရသေ့ကျောင်းတွင် သီတာဒေဝီပါ ရောက်လာသောအခါ ဝသိဒ္ဓရသေ့က ရာမတို့ကို အယုဒ္ဒယသို့ ပြန်ခိုင်းသည်။

အပြန်လမ်းတွင် ပသျှူးရာမ နှင့် တွေ့ကာ ရာမ နှင့် တိုက်ကြသည်။ ပသျှူးရာမ ရှုံးသဖြင့် ရာမ၊ သီတာ၊ လက္ခဏ တို့ အယုဒ္ဒယသို့ ခရီးဆက်သည်။

စက္ခုပါလတိုက်ခန်း၊ သုကြိတ်-ဘာလီ တိုက်ခန်း။

ကိဿကိန္နာ တွင် သုကြိတ် နန်းရပြီးနောက် ဘာလီကို ဥပရာဇ်အရာထားသည်။

ကိဿကိန္နာ နှင့် နယ်နိမိတ်ချင်းဆက်ရာဒေသတွင် စက္ခုပါလ ကျွဲဘီလူးသည် ဖခင် ကျွဲမင်းကို သတ်၍ နန်းလုရာ မိခင်ဘီလူးမ က ကိုယ်စွမ်းအားနှင့်ကိုယ် တိုင်းပြည်နိုင်ငံတခုကို သိမ်းပိုက်နိုင်မှ နန်းကို အပ်မည်ဆိုသဖြင့် ကိဿကိန္နာ နယ်စွန်ရပ်ဖျားသို့ ဝင်ရောက်တိုက်ခိုက်သည်။

သုကြိတ်က စက္ခုပါလကို မတိုက်မီ ၎င်း နှင့် စက္ခုပါလ တို့ ဂူအတွင်းရောက်သွားပါက ဂူဝကို ပိတ်ဆို့ကာစောင့်ရန်၊ ပျစ်သော သွေးထွက်လာပါက ဂူဝကို ပြန်ဖွင့်ပေးရန်၊ သွေးကျဲ ထွက်လာပါက ဘာလီက နန်းကို ဆက်ခံကာ ကိဿကိန္နာကို အခိုင်အလုံပြုရန် မှာပြီး ကျွဲဘီလူးကို ဂူအတွင်းသို့ စစ်မြှူခေါ်ယူတိုက်သည်။ စက္ခူပါလ ကျသောအခါ ခွာစောင့်နတ်လေးပါးတို့က မိမိတို့မှီခိုရာ ပျက်သဖြင့် သုကြိတ်ကို အမျက်ထွက်ကာ ဂူအတွင်း အခါမဲ့ မိုးရွာစေသည်။

ဂူထဲမှထွက်လာသော သွေးသည် ကျဲနေသောကြောင့် ဘာလီသည် ကိဿကိန္နာသို့ ပြန်ကာ မြို့တခါးကို အခိုင်အလုံ ပိတ်၍နေသည်။

သုကြိတ်သည် ဂူကို ဖွင့်မပေးသဖြင့် ကိုယ်တိုင်ဖွင့်ကာ ကိဿကိန္နာသို့ ပြန်လာသောအခါ ဘာလီသည် မိမိအကို အယောင်ဆောင်လာသော စက္ခုပါလ ဟု ထင်ကာ တိုက်သောကြောင့် သုကြိတ်မှာ မှော်ရုံတောအနီး ကြိုပင်ထက်တွင် ပုန်းနေရသည်။

ဒဋ္ဌရဋ္ဌစနည်းနာခန်း၊ ကေကေနန်းတောင်းခန်း၊ ပြည်နှင်ခန်း၊

(ရှေးယခင်က ဒဋ္ဌရဋ္ဌမင်း၏ လက်တွင် ခူနာပေါက်သောအခါ အနာသက်သာစေရန် မိဘုရားများအား အလှည့်ကျ ငုံခိုင်းခဲ့ရသည်။ ကေကေမိဘုရား ငုံရသည့် အလှည့်တွင် ပါးစပ်အတွင်း ခူနာမှည့်၍ ပြည်ပေါက်လေသည်။ အိပ်ပျော်နေသော ဒဋ္ဌရဋ္ဌ စက်တော်ရာမှနိုးသောအချိန် အနာသက်သာသဖြင့် မေးမြန်းရာ ဒဋ္ဌရဋ္ဌ အိပ်ပျော်ရာမှ နိုးမည် စိုးသောကြောင့် ပြည် သွေးပုတ်တို့ကို ကေကေမိဘုရား မျိုချလိုက်ကြောင်း သိရ၍ လိုရာဆုတောင်းခွင့်ပေးသည်။ ကေကေမိဘုရားက နောင်မှတောင်းမည်ဟု ဆိုခဲ့သည်။)

ဒဋ္ဌရဋ္ဌမင်းသည် တိုင်းပြည်အတွင်း စနည်းနာသောအခါ တိုင်းသူပြည်သားများက ရာမအား နန်းလျာထားရန် သဘောထားရှိကြကြောင်းသိရသဖြင့် ရာမအား နန်းလျာထားရန် ပြုလေသည်။ ယင်းအကြောင်းကို ကေကေ မိဘုရား သိသောအခါ ၎င်း၏သား ဘရတ ကို နန်းလျာထားရန် ပေးဖူးသော ဆုကိုတောင်းသည်။

ငြင်းမရတော့သော ဒဋ္ဌရဋ္ဌ သည် ရာမအားခေါ်၍ နောင် ၁၂ နှစ်အချိန်တွင် မိမိနတ်ရွာစံမည် ဟု သမား၊ ဗေဒင်တို့က ဆိုသဖြင့် ယင်းအချိန်ကျမှ အယုဒ္ဒယထီးနန်းအား လာရောက်သိမ်းပိုက်ရန်၊ ထို ၁၂ နှစ်အတွင်း တိုင်းပြည်မှ ထွက်ခွာကာ တောတောင်များအတွင်း လှည့်လည်နေထိုင်ရန် မှာကြားသည်။ ရာမ က သီတာ အား အယုဒ္ဒယ တွင် ထားရစ်ခဲ့လိုသော်လည်း သီတာ က မနေရစ်လိုဘဲ လိုက်ခွင့်တောင်းသည်။ ရာမ တိုင်းပြည်မှ ထွက်ခွာမည်ကို သိသော လက္ခဏ သည်လည်း ရာမနောက်သို့ လိုက်ခွင့်တောင်းကာ လိုက်ခဲ့သည်။ ဘရတ က ရာမ အား မသွားရန် တားသော်လည်း ရာမ က ခမည်းတော်အား ပေးပြီးသော ကတိကို မဖျက်လိုကြောင်းပြောကာ ထွက်ခဲ့သည်။

ဒဋ္ဌရဋ္ဌ သည် သမားတော်၊ ဗေဒကျော်များဆိုသကဲ့သို့ နောက် ၁၂ နှစ်အထိ အသက်မရှည်နိုင်တော့ပဲ နှလုံးကွဲ၍ နတ်ရွာစံလေသည်။ ထိုအခါ ခရီးဝေးမှ ပြန်လည်ရောက်ရှိလာသော ဘရတ နှင့် သတ္တုရုဃန တို့က ရာမ တို့အား လိုက်ရှာ၍ ထီးနန်းဆက်ခံရန်ပြောသည်။ ရာမက ၁၂ နှစ်ပြည့်မှ ပြန်လာမည် ဟု ဆိုကာ မြက်ဖိနပ်ကို ပေးကာ ဘရတ က ထီးနန်းကို ထိမ်းသိမ်းထားရန် မှာလိုက်သည်။

ဂမ္ဘီသားလွှတ်ခန်း၊ ဒုသ ခရ တိုက်ခန်း

ဒဿဂီရိ၏ ညီမ ဂမ္ဘီ သည် ဒဿဂီရိက ပေးသော မှော်ရုံဟေဝန် ကို ဒုသ နှင့် ခရ သားနှစ်ဦးကို ပေးလိုက်သဖြင့် ဘီလူးငယ်ညီနောင်တို့ မှော်ရုံတောအတွင်း တိုင်းခန်းလှည့်လည်ကြသည်။

ရာမ၊ သီတာ၊ လက္ခဏတို့သည် လှည့်လည်သွားလာရင်းမှော်ရုံတောသို့အရောက် အနားယူနေစဉ် ဒုသ နှင့် ခရ တို့က မိမိတို့ပိုင်နက်အတွင်းရောက်ရှိလာသော သားကောင်များအဖြစ်မှတ်ယူကာ သတ်ဖြတ်စားသောက်မည် ပြုသည်။ ရာမ က လက္ခဏအား ဘီလူးငယ်များအား အဝေးသို့ မောင်းထုတ်ရန် ပြောလိုက်သော်လည်း လက္ခဏက ရန်ပြုလာသော ဒုသ နှင့် ခရကို သတ်ဖြတ်ကာ မိမိသတ်ခဲ့ကြောင်း သဝဏ်ရေးထားခဲ့သည်။

Read more »

ရာမဇတ်တော်ကြီး - ၂

ရာမ လေးတင်ခန်း

ကိဿကိန္နာ ဖွားခန်း၊ ဟနုမာန်ဆုရခန်း
ကိဿကိန္နာတွင်လည်း ဘုရင် မျောက်မင်း၏ မိဘုရား တွင် သုကြိတ် နှင့် ဘာလီ မွေးဖွားသည်။ ထို့အပြင် ဟနုမာန် နှင့် ဇဗ္ဗုမာန် တို့သည်လည်း ကိဿကိန္နာတွင် မွေးဖွားကြသည်။
လေနတ်သား၏ သားဖြစ်သော ကလေးငယ်ဟနုမာန်သည် နေကိုမြင်သောအခါ မိမိအစာမှတ်၍ နေကို ဖမ်းကာကစားရန် ပြုသောအခါ နေနတ်သားက သိကြားထံ ပြေးတိုင်သည်။ သိကြားက အရွယ်မရောက်မီ ဆိုးသွမ်းလွန်းသော မျောက်အား ငယ်ရွယ်စဉ်ကတည်းက ဖျက်ဆီးပစ်မည်ဟု ဝရဇိန်လက်နက်ဖြင့် ပစ်ချသည်။ ဝရဇိန်လက်နက်ဒဏ်ဖြင့် ဟနုမာန် မိန်းမောနေစဉ် ဖခင်လေနတ်သားက သိကြားအား တောင်းပန်သောကြောင့် အသက်ချမ်းသာရသည့်အပြင် ရေ၊ မီး၊ လက်နက် တို့ကြောင့် သေခြင်းမှ ကင်းလွတ်ခွင့်ပါ ရသည်။
ဆုရသော ဟနုမာန်သည် ထိန်းသိမ်းမရဖြစ်လာသည်။ ရသေ့ကျောင်းတစ်ကျောင်းကို ဝင်ရောက်ဖျက်ဆီးသောအခါ ရသေ့က ဟနုမာန်အား ခွန်အားယုတ်လျှော့သော မျောက်ပိန်မျောက်သေး ဖြစ်စေ ဟု ကျိန်လိုက်သည်။ ခွန်အားမဲ့ပြီး ခန္ဓာကိုယ် သေးကွေးသွားသော ဟနုမာန်အတွက် သူငယ်ချင်းဖြစ်သူ ဇဗ္ဗုမာန် က ရသေ့ကို တောင်းပန်ပေးသောအခါ ရာမ နှင့် တွေ့၍ ရာမက ကျောကို သုံးချက်သပ်ပါမှ မူလခွန်အား နှင့် အရွယ်ကို ရစေမည် ဟု ဆိုလိုက်သည်။
ဝသိဒ္ဓသားတောင်းခန်း၊ ကျီးဘီလူးနှိမ်နင်းခန်း၊ ကန်ဆင်း၊ ကန်ထ
ဝသိဒ္ဓရသေ့၏ ကျောင်းသင်္ခန်းရှိသော တောတွင် ကျီးဘီလူးတို့သောင်းကျန်းဖျက်ဆီးသောကြောင့် ရသေ့တို့ တရားကျင့်၍ မရဖြစ်လေသည်။ ထိုအခါ ဝသိဒ္ဓရသေ့က အယုဒ္ဓယ ဘုရင် ဒဋ္ဌရဋ္ဌ ထံတွင် ကျီးတို့ကို နှိမ်နင်းရန် ရာမ ကို တောင်းသည်။ ရာမ နှင့် သရက်သီး တလုံးတည်းမှ သန္ဓေရသော လက္ခဏ သည် သူပါလိုက်မည်ဟုဆိုကာ ရာမ နှင့်အတူ လိုက်ခဲ့သည်။ ကျောင်းမရောက်မီ ဘီလူးမစောင့်သော ရေကန်တွင် ညီအကိုနှစ်ယောက် ရေကစားရန် ပြုသောအခါ ဘီလူးမက ကလေးငယ်နှစ်ဦးကို စားမည်ပြုသည်။ လက္ခဏက လေးနှင့်ပစ်ခိုင်း၍ ရာမက ဘီလူးမကို လေးဖြင့် ပစ်သတ်ကာ ညီအကို နှစ်ဦး ရေကန်တွင်း ခုန်ချကာ ရေကစားကြသည်။
ဖိုးသူတော်များလျှောက်သဖြင့် ဝသိဒ္ဓရသေ့က ကလေးငယ်များကို ရှာဖွေခေါ်ယူသောအခါ ကန်တွင်းမှ ရာမ သည် မြစိမ်းရောင်၊ လက္ခဏသည် ရွှေရောင်အဆင်းဖြင့် ကန်မှ တက်လာသည်။
ရာမ နှင့် လက္ခဏသည် ရသေ့ကျောင်းတွင် ကျီးဘီလူးများ ကို နှိမ်နင်းရင်း အဋ္ဌာရဿအတတ်ပညာများ သင်ကြားခဲ့ကြသည်။
ပရာသု(ဗျသု) ပသျှူးရာမ ဥပုဒ်ဝင်ခန်း၊ ဒဿဂီရိ ဥပုဒ်ဝင်ခန်း
တရားဓမ္မဖြင့် မွေ့လျော်သော ဗျသု ပသျှူးရာမမင်းသည် လက်စွဲအမတ်တဦးနှင့်အတူ ဓမ္မိကတောင်ထိပ်တွင် ဥပုဒ်ဝင်လျက်ရှိသည်။
ထိုအချိန်တွင် ဒဿဂီရိသည်လည်း စွယ်ရောင်မှိန်သဖြင့် ဘိဘိသန အား ဇာတာစစ်စေရာ ဘိဘိသနက ကံဇာတာ ညံ့သောကြောင့် ဥပုဒ်ဝင် ရေကသိုဏ်းရှုရန် လျှောက်သဖြင့် ထီးနန်းအား ဥပရာဇ် ဘိဘိသန၊ သားတော် မေဃနာဃ တို့ကို အစောင့်အနေထား၍ ဓမ္မိက တောင်ခြေတွင် ဥပုဒ်ဝင်သည်။
ခုနှစ်ပြည်ထောင်စစ်ပြုခန်း၊ သိကြားလေးဆက်ခန်း၊ မြင်းစေခန်း၊ စာပစ်-စာကောက်။
မိတ္ထီလာပြည်တွင် သီတာဒေဝီမင်းသမီးသည် အရွယ်ရောက်ပြီး အလှသတင်းကျော်ဇောသဖြင့် ခုနှစ်ပြည်ထောင် မင်းများက ဇနက္ကမင်းထံတွင် သမီးကညာ မပေးပါက စစ်ပြုမည်ဟု ဆိုလာသည်။
သိကြားမင်းက ဇနက္ကမင်းအား အဋ္ဌစန္ဒာ လေး ကို ဆက်၍ လေးကို ချီနိုင်၊ တင်နိုင်၊ ပစ်ခွင်းနိုင် မှ သမီးနှင့် ထိမ်းမြားစေရန် မှာကြားသည်။
လေးတင်ပွဲပြုလုပ်ရန် မြင်းစေများဖြင့် ဖိတ်စာကမ်းရာ ပသျှူးရာမထံ ဖိတ်စာသဝဏ်ရောက်သည်။ ဥပုဒ်မှ အထ ဖိတ်စာကို ဖတ်ရလျှင် ခြေမ လက်မပင် မပယ်ကောင်း၍ ထားရသည် ဟုဆိုကာသဝဏ်လွှာကို တောင်ထိပ်မှ ပစ်ချလိုက်သည်။
သဝဏ်လွှာသည် လေတွင်လွင့်၍ တောင်ခြေမှ ဒဿဂီရိထံကျသည်။ သဝဏ်လွှာတွင်ပါသော သီတာဒေဝီ၏ ရုပ်ပုံကို မြင်သော် ဒဿဂီရိသည် သီတာဒေဝီအား ချစ်ခင်တက်မက်ကာ နောက်လိုက် အဖော်မခေါ်ဘဲ လေးတင်ပွဲသို့ တစ်ပါးတည်း သဝဏ်နှင့်တကွ ကြွချီလေသည်။
ကျောင်းတော်ထ၊ လေးတော်တင်ပွဲ။
ဇနက္ကမင်း၏ လျှောက်ထားစာရောက်၍ လေးတင်ပွဲတွင် အခါပေးရန် နှင့် လေးတင်ပွဲကို ကြပ်မတ်ရန်အတွက် ဝသိဒ္ဓ ရသေ့သည် မိတ္ထီလာသို့ ကြွရန်ရှိသဖြင့် ရာမ နှင့် လက္ခဏအား ကျောင်းစောင့်နေခဲ့ရန် မှာကြားသည်။ ညီနောင် နှစ်ပါးက လေးတင်ပွဲကို မမြင်ဘူးသဖြင့် လိုက်လိုကြောင်း လျှောက်ရာ ကိုယ်၊ စိတ် နှစ်ပါးကို ထိန်းသိမ်းကာ လိုက်ခဲ့ရန် ခေါ်ကာ လေးတင်ပွဲသို့ သွားကြသည်။
လေးတင်ပွဲတွင် ခုနှစ်ပြည်ထောင်မင်းများသည် လေးကို အင်္ဂါသုံးပါး [ချီ(လေးကို လေးတင်ခုံပေါ်မှ မ,ယူခြင်း)၊ တင် (လေးကြိုးတပ်ခြင်း)၊ ပစ်ခွင်းခြင်း] အနက် ပထမအင်္ဂါကို ပင် မစွမ်းနိုင်ကြပေ။ ထိုအချိန်တွင် ဒဿဂီရိ ရောက်ရှိကာ လေးတင်ပွဲဝင်သည်။ လေးကို မနိုင်သော်လည်း မတင်နိုင်ပေ။ အားလုံးအနက် အစွမ်းဆုံးဖြစ်၍ သီတာဒေဝီအား ပေးရန် တောင်းသည်။
ထိုအခါ ဝသိဒ္ဓရသေ့က ရာမ နှင့် လက္ခဏအား လေးတင်ပွဲဝင်စေရာ ရာမ က လက္ခဏကို အလျင်ဝင်စေသည်။ လက္ခဏက လေးကို မနိုင်၊ တင်နိုင်သော်လည်း ပစ်ခွင်းခြင်းမပြုပေ။
ရာမ က အင်္ဂါသုံးပါးစုံအောင် လေးကို တင်၍ ဒဿဂီရိအား မြှားနှင့်ခွင်းရာ ဒဿဂီရိမှာ လွတ်အောင် ပြေးရလေသည်။ ထိုမြှားသည် ဓမ္မိကတောင်အလယ်သို့ စိုက်ဝင်သဖြင့် ပသျှူးရာမ နှင့် နောက်ပါအမတ်တို့ တောင်ပေါ်မှ ပြုတ်ကျသည့်အခါ ပသျှူးရာမ သည် ဒေါသဖြစ်ကာ ရာမအပြန်လမ်းတွင် တိုက်ရန် စောင့်သည်။

Read more »

Sep 6, 2010

ရာမဇတ်တော်ကြီး - ၁

ရာမာယဏဇတ်တော်ကြီး ကို လူတိုင်း သိကြပေမယ့် ဇတ်လမ်း အစအဆုံးကိုတော့ သိရှိသူ နည်းပါလိမ့်မယ်။
ပုံတော်ရာမ လို့ ခေါ်တဲ့ ရာမာယဏ ဇတ်တော်ကြီး ရဲ့ဇတ်လမ်းအကျဉ်း ဆိုပေမယ့် တော်တော် ရှည်နေလို့ အပိုင်းတွေခွဲပြီး ဖော်ပြပါတယ်။ကျွန်တော်ကိုယ်တိုင် စာရိုက်ပျင်းတာထက် နာမည်တွေကိုတောင် တော်တော် စဉ်းစားရတာမို့ပါ။ (တချို့ စာလုံးပေါင်း မှားနေတာ ရှိနိုင်ပါတယ်။)


သိကြား အသုရာ တိုက်ခန်း (ဖျာပုံ နန်းတွင်းရာမဇတ်တော်ကြီး အဖွဲ့)

ရာမာယဏဇတ်တော်ကြီး

ရာဝဏ ဖွားမြင်ခန်း

လင်္ကာဒီပ ဘုရင် ဣရဏ္ဏပုသျှ ဘီလူးမင်း ၏ သမီးတော် ဂုန္ဓီသည် ဥယျာဉ်အတွင်း အပျိုတော်များနှင့်ကစားရင်း ဝိဇ္ဇာထိုရ် နှင့် မေတ္တာမျှရာမှ ရာဝဏ၊ ဘိဘိသန (ဘိဘိဇန)၊ ဂမ္ဘီ နှင့် ဂုန္ဘီဂန္ဓ တို့ကို ဖွားမြင်သည်။

ရာဝဏ ဆုပန်ခန်း၊ နန်းရခန်း

ဘီလူးငယ်များသည် တနေ့သောအခါ ဗြဟ္မာမင်းအား သစ်သီးဆွမ်းကပ်ကြသည်။ ထိုအခါ ဗြဟ္မာမင်းက လိုရာဆုတောင်းစေသောအခါ ကလေးငယ်များက လိုရာဆုကို တောင်းကြသည်။

ရာဝဏ က အနှိုင်းမဲ့စွမ်းအင်၊ ဆုံးစမဲ့ ဘုန်းတန်ခိုး နှင့် ထာဝရ မသေနိုင်သော ဆုကိုတောင်းသည်။ ဗြဟ္မာမင်းက အရွယ်ရောက်ချိန်တွင် အများထက်ကြီးမားသော ဘုန်းတန်ခိုး၊ စွမ်းအင် နှင့် လူ၊ မြောက်၊ လေးလက်နက် ကြောင့်မှ တပါး မသေနိုင်သော ဆုကို ပေးသည်။

ဘိဘိသန က ပညာအရပ်ရပ်တို့၌ ကြွမ်းကျင်နှံ့စပ်ကာ ထက်မြက်သော သုခမိန်ဆုကိုတောင်းသည့်အတိုင်းရသည်။

ဂမ္ဘီသည်လည်း အလှ နှင့် မာယာတို့၌ သူတထူးထက် သာလွန်သော ဆုကို တောင်းသည့်အတိုင်းရသည်။

အပျင်းကြီးသော ဂုန္ဘီဂန္ဓ က ထာဝရ အိပ်စက်ခွင့်ကိုတောင်း၏။ ထာဝရ အိပ်စက်ခြင်းသည် သေခြင်းတရားဖြစ်သည် ဟု ဗြဟ္မာက ရှင်းပြကာ ၆ လ အိပ် ၆ လ နိုး ဟု ဆုကို ပေးသည်။ နိုးနေသော ၆ လ အတွက် စားစရာကို ပါတောင်းသော အခါ ဗြဟ္မာက ထိုဆုကိုပေးသည်။

ဘီလူးကလေးငယ်များ အရွယ်ရောက်သောအခါ မယ်တော်ဂုန္ဓီ သည် အဖိုးဖြစ်သူ လင်္ကာဒီပ ဘုရင်ထံ ခေါ်ဆောင်ကာ ရှေ့တော် သွင်းလေသည်။ ဘီလူးမင်းက မြေးတော် ရာဝဏအား နန်းအပ်ကာ တောထွက်တော်မူသည်။ ရာဝဏ နန်းရသော် ဒဿဂီရိအဖြစ် ဘုန်းတန်ခိုး ထွန်းတောက်လေသည်။ ဒဿဂီရိ သည် လင်္ကာဒီပ ကို တရားနှင့်အညီ အုပ်ချုပ်မင်းပြုသည်။

သိကြား အသုရာစစ်ပွဲ

ဒဿဂီရိ မင်းပြုစဉ် စစ်ရှုံးလာသော အသုရာမင်း က ဒဿဂီရိထံ စစ်ကူ တောင်းလာသည်။ ဒဿဂီရိ စစ်ကူတိုက်သောကြောင့် သိကြားတပ်ပျက်လေသည်။ ထိုအခါ အသုရာက ရထားပျံ ကို လက်ဆောင်အပ်နှင်းသည်။

ဂန္ဓဗ္ဗနတ်သမီး စုတေခန်း

ဘုန်းတန်ခိုးကြီးလာသော ဒဿဂီရိသည် ထင်တိုင်းကြဲလာသည်။ တခါတွင် နေနတ်သားနှင့် သစ္စာထားပြီးသော ဂန္ဓဗ နတ်သမီးအား နိုင်ထက်ပြုလေသောအခါ နတ်သမီးက ဖြစ်လေရာဘဝ၌ ဒဿဂီရိ ကို နိုင်ရပါစေ ဟု ကျိန်ဆိုပြီး မီးပုံတွင် စုတေလေသည်။ ကျိန်စာကို ကြောက်သောကြောင့် ဒဿဂီရိက ထိုမီးပုံကို ဘီလူးအမတ်တယောက်အား စောင့်ကြပ်ခိုင်းသည်။ တနေ့တွင် မီးပုံနေရာမှ ကြာဖူးထွက်လာသောကြောင့် ဘီလူးအမတ်က ဒဿဂီရိထံ လျှောက်တင်၏။ ဒဿဂီရိ က ထို ကြာဖူးကို ကျောက်သတ္တာတွင်ထည့်ကာ သမုဒ္ဒရာတွင် ပစ်ချစေသည်။ နတ်တို့က ထိုကျောက်သေတ္တာကို မိတ္ထိလာပြည် မဟာဇနက္ကမင်း ၏ လယ်မြေသို့ ရွှေ့လိုက်သည်။

ဇနက္ကမင်း လယ်ထွန်မင်္ဂလာဆင်းခန်း

ဇနက္ကမင်း လယ်ထွန်မင်္ဂလာဆင်းချိန်တွင် ထွန်သွားခတ်မိ၍ ကျောက်သေတ္တာ ပေါ်၏။ ကျောက်သေတ္တာအတွင်း ကြာဖူးမှ ဖြစ်သော ကလေးမငယ်ကိုရသော် သားတော် သမီးတော် မရှိသော ဇနက္ကမင်းက သီတာ ဟု အမည်ပေး၍ မွေးစားလေသည်။

သိကြားဗြဟ္မာတွေ့ခန်း၊ နတ်သက်ခြွေခန်း

ဒဿဂီရိသည် မြေအပြင်တွင်သာမက အောက်နတ်ပြည်များအထိ သောင်းကျန်းလာသောအခါ သိကြားမင်းသည် ဗြဟ္မာမင်းထံ သွား၍ ဒဿဂီရိအား ပေးဖူးသော ဆုကို မေးကာ နတ်သဘင်အစည်းအဝေး၌ နတ် ၄ ပါး အား ဒဿဂီရိကို နှိမ်နင်းရန် တာဝန်ပေးလေသည်။ ထိုနတ် ၄ ပါးသည် လူ့ပြည်တွင် ဝင်စားကာ ဒဿဂီရိအား နှိမ်နင်းရန်အတွက် နတ်သက်ခြွေလေသည်။

အခြားသော နတ်သားအချို့လည်း ကိဿကိန္နာတွင် မျောက်အဖြစ်ဝင်စားကာ ဒဿဂီရိကို နှိမ်နင်းရန် မိမိတို့သဘောဖြင့် နတ်သက်ခြွေကြသည်။

အယုဒ္ဓယ သားဆုပန်ခန်း၊ ဖွားတော်မူခန်း

အယုဒ္ဓပြည် ဒဋ္ဌရဋ္ဌ ဘုရင် ၏ မိဘုရား သုံးပါး၌ သားသမီးမထွန်းကားသဖြင့် သားဆုပန်ကြသည့်အခါ သိကြားမင်းက အဗန္တရသရက်သီး နှစ်လုံးကို ဒဋ္ဌရဋ္ဌအား ပေးသည်။ ဒဋ္ဌရဋ္ဌ က မိဘုရားကြီးအား တစ် လုံး၊ အငယ်ဆုံးမိဘုရားအား တစ် လုံး ပေးလိုက်သည်။ မိဘုရားနှစ်ပါးက သရက်သီးမရရှာသော မိဘုရားလတ် ကို တခြမ်းစီ မျှပေးသည်။ သရက်သီး စားပြီးသော မိဘုရားများ တွင် သန္ဓေရပြီး ရာမ၊ လက္ခဏ၊ ဘတရ နှင့် သတ္တုရုဃန တို့ဖွားလေသည်။


Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ