About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jul 29, 2010

ရာမယဏ Crazy

(ဟိုတရက်က တောထဲကမြို့ရောက်ချင်းပဲ ပျင်းပျင်းရှိတာနဲ့ ကိုယ့်အလုပ် ကိုယ်မလုပ်သေးပဲနဲ့ ဟိုမွှေသည်ဖွ လျှောက် လုပ်နေရင်း ရာမာယဏဇာတ်တော်ကြီးကို တွေ့လိုက်တယ်။ ကိုယ့်ဖာသာ ကြည့်ယုံအားမရတော့ ကိုမိုးသီးဇွန်နဲ့ ကိုရင်မောင် ဆီကိုတောင် လှမ်းပြောလိုက်သေးတယ်။ ကိုမိုးသီးဇွန်က မင်းနည်းနည်းပါးပါးရေးပါလား ... တဲ့။ ကျွန်တော်ကိုယ်တိုင်ကလည်း အနှစ် ၂၀ကျော် ဝေးနေခဲ့ပြီဆိုတော့ မလွယ်လှဘူးထင်တယ်လို့ပြန်ပြောလိုက်ပါတယ်။ ဒါပေမယ့် ရာမာယဏနဲ့ ပတ်သက်ရင် crazy ဖြစ်ဖူးခဲ့တဲ့သူဆိုတော့လည်း ရေးဖြစ်သွားတာပါ။)
ရာမဇာတ် လို့ လူသိကြတဲ့ ရာမာယဏဇတ်တော်ကြီးကို ရာမာယဏအသင်းသားတွေက နန်းတွင်းရာမာယဏဇတ်တော်ကြီး လို့ ခေါ်ပါတယ်။ ရှေးတုန်းကတော့ နန်းတွင်းမှာပဲ ကပြရတဲ့ ဇာတ်ပါ။ရာမယဏဟာ မြန်မာ့ဓလေ့ရဲ့ မူပိုင်ဇာတ်တော့မဟုတ်ပါ။
ဒါပေမယ့် အဘ(ရာမ)ဦးအုန်းမောင်ပြောပြခဲ့ဘူးတဲ့ အတိုင်းဆိုရင် ပုဂံခေတ်လောက်ကတည်းက အန္ဒိယက ဗိသုကာ ယဉ်ကျေးမှုတွေနဲ့အတူ အိန္ဒိယ မြေဝိုင်းကဇာတ်တွေ အနေနဲ့ စတင်ရင်းနှီးခဲ့တာပါတဲ့။ အင်းဝခေတ် မှာတော့ ရာမာယဏဟာ မြန်မာပြန်မူ စာနဲ့ပေနဲ့ ဖြစ်လာခဲ့ပါပြီ။ အဲသည်အချိန်ကနေ နောက်ပိုင်း ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက် ၁၇၈၄ ခုနှစ်မှာ ရေးခဲ့တဲ့ ရွှေတိုက်စိုး ဦးတိုး ရဲ့ ရာမရကန် နဲ့ (၁၇၈၂-၁၈၁၉) မှာ ရေးခဲ့တဲ့ ဦးအောင်ဖြိုး ရဲ့ ရာမသာချင်း တွေဟာ အခုအချိန်အထိ မြန်မာ့စာပေမှာ နေရာတခု ရယူထားဆဲပါပဲ။ ရာမယဏကို ဇတ်သဘင်အနေနဲ့ နန်းတွင်းမှာ စတင်ကပြခဲ့တာကတော့ ကုန်းဘောင်ခေတ် ၁၇၇၀ ကျော်လောက်ကတည်းက လို့ ပညာရှင်တချို့ကပြောပါတယ်။ နန်းတွင်းမှာသာ ကပြရတဲ့ ဇတ်ကြီးဖြစ်ပြီး လူထုနဲ့ အလှမ်းဝေးလှပါတယ်။ မြင်းကွန်း မြင်းခုန်တိုင်အရေးအခင်းအပြီးမှာတော့ ရာမဇတ်အဖွဲ့ဝင်တချို့ အောက်ပြည် အောက်ရွာကို ရှောင်တိမ်းကြရရင်းနဲ့ ဧရာဝတီတိုင်း နဲ့ ရန်ကုန်လိုနေရာမျိုးတွေမှာ အခြေချမိကြပြီးတဲ့နောက်ပိုင်းမှ လူထုနဲ့ စတင်ရင်းနှီးခဲ့ကြတာလို့ အိုးဘိုရာမဇာတ်အဖွဲ့က အဘ (ရာမ) ဦးအုန်းမောင်က ပြောခဲ့ဖူးပါတယ်။ 
ဟိုတုန်းကဆိုရင် ရန်ကုန်မှာတင်ပဲ အိုးဘိုရာမ၊ ရေကျော်ရာမ၊ သီရိရာမ၊ ကြည့်မြင်တိုင်ရာမ၊ အနောက်ပိုင်းရာမ၊ စကော့ရာမ၊ ဗိုလ်တထောင်ရာမ စသည်ဖြင့် အဖွဲ့ခွဲတွေ အများကြီး ရှိခဲ့ကြပါတယ်။ ဧရာဝတီတိုင်းထဲမှာတော့ ဖျာပုံ နဲ့ ဘိုကလေးရာမ ဇာတ်အဖွဲ့တွေဟာ ထင်ရှားပါတယ်။ နောက်ပိုင်းမှာတော့ အဖွဲ့တွေရေရှည်ရပ်တည်နိုင်ရေးအတွက် ပူးပေါင်းလာခဲ့ကြရတာတွေရှိလာခဲ့ပါတယ်။ ဥပမာ - ရန်ကုန်မှာ အိုးဘိုရာမ နဲ့ ရေကျော်ရာမ ပေါင်းပြီး အိုးဘိုရာမအနေနဲ့ပဲ ရပ်တည်လိုက်ကြရပါတော့တယ်။ 
မြန်မာနိုင်ငံမှာ ရာမာယဏနဲ့ပတ်သက်ရင် သုံးမျိုး တွေ့နိုင်ပါတယ်။ (၁) ဇာတကထဲက ဘုရားအလောင်းတော် ရာမ မင်း၊ (၂) ထိုင်း နဲ့ အိန္ဒိယက ဝင်ရောက်လာတဲ့ ဝါလမိကိ ရသေ့ရေးခဲ့တဲ့ ရာမာယဏ လင်္ကာကို အခြေခံတဲ့ ရာမာယဏ ဇာတ်တော် (ပုံတော်ရာမလို့လည်းခေါ်ပါတယ်။) (၃) ဟိန္ဒူကိုးကွယ်ယုံကြည်မှုထဲက ရာမနတ်ဘုရား တို့ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ပုံတော်ရာမကိုပဲ ရာမာယဏအနေနဲ့ လူသိများပါတယ်။ သုတေသန ပြုသူတွေရဲ့အယူအရဆိုရင် မလေးကျွန်းဆွယ်က ရာမကဇာတ်ကို မှီးပြီး ထိုင်းက သူ့ဘာသာနဲ့ ရာမာယဏကို ကပြခဲ့ပါတယ်။ မြန်မာ ဘာသာပြန်တဲ့ အခါမှာတော့ ထိုင်းမူကိုရော၊ အိန္ဒိယမူကိုပါ တိုက်ဆိုင်ပြီး ဘာသာပြန်ရေးသားခဲ့ကြတယ် ဆိုပါတယ်။ အဲသည် ရာမာယဏ ဇာတ်တော်ကြီးကိုလည်း ကဇာတ်အနေနဲ့ပဲ လူသိများပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကဇတ်ဌာနခွဲက ကပြတဲ့ ဇာတ်ကြောင်းကို အရင်ပြောပြ၊ ပြီးရင် တီးကွက်နဲ့ ကကွက်နဲ့ သရုပ်ဖော် ကပြတာမျိုးပါ။ ဇာတ်အစဉ်အလာအတိုင်း ဇာတ်စာတွေရွတ်ပြီး ကပြတာမျိုးကို အတွေ့ရနည်းပါတယ်။ 
နအဖ လက်ထက်မှာ ၃ နှစ်တကြိမ် ရာမာယဏဇတ်တော်ကြီး ပြိုင်ပွဲတွေကျင်းပပေးတာမှာ ဇတ်အစဉ်အလာအတိုင်း ကပြကြရပါတယ်။ တိမ်မြုတ်ပျောက်ကွယ်သွားနိုင်တဲ့ ယဉ်ကျေးမှုတခုကို ဖော်ထုတ်တာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေမယ့်၊ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို သည်လို ဖော်ထုတ်ပေးတာမျိုး မရှိတဲ့အတွက် ဗမာတွေကို ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေက ပိုပြီး အထင်အမြင်လွဲစရာဖြစ်နေစေလို့ ဝမ်းမသာအားပါဘူး။ 
လူသိများတဲ့အဖွဲ့တွေထဲကတောင်မှ ရန်ကုန်တိုင်းက ၂ ဖွဲ့ပဲ ထွက်နိုင်ပါတယ်။ ဧရာဝတီတိုင်းမှာ ဖျာပုံ နဲ့ ဘိုကလေး ရာမ ဇတ် ၂ ဖွဲ့ အနည်းဆုံး ရှိတာတောင်မှ ၁ ဖွဲ့လောက်ပဲ ထွက်နိုင်ပါတယ်။ အဲသည်လိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာက ရာမဇာတ်မှာ ပါဝင်တဲ့သူတွေက အသက်မွေးဝမ်းကြောင်းအနေနဲ့ ရာမဇာတ် ကို ကပြကြတာမဟုတ်ပဲ အစဉ်အလာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ကပြနေကြတာဖြစ်လို့ပါ။ ရာမဇာတ် ကပြဖို့ ရက်ချိန်းရှိတယ်ဆိုမှ အသင်းဝင် ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေ လူစု၊ ဘယ်အခန်းကို ကမယ်ဆိုတာ ပြင်ဆင်၊ ဇာတ်စာတွေပြန်ညှိ နဲ့ လုပ်ကြရပါတယ်။ အဲသည်အသင်းဝင်တွေထဲမှာ အနုပညာလုပ်ငန်း (ဟိုတုန်းကတော့ ဇတ်၊ အငြိမ့် ထဲမှာ) နဲ့ အသက်မွေး ဝမ်းကျောင်းတဲ့ သူတွေဆိုရင် ပွဲခွင်တိုက်နေပြီ ဆိုရင်တော့ မရောက်လာနိုင်တော့ဘူးပေါ့။ ဒါပေမယ့် အများစုကတော့ ညကြေးရမယ့် အသက်မွေးဝမ်းကျောင်း အလုပ်ထက် အခမဲ့ မတ်တင်း ကရတဲ့ဆီကို ရောက်လာတတ်ကြပါတယ်။ 
နောက်တချက်ကတော့ ဘဏ္ဍာရေးကိစ္စပါ။ ရာမဇာတ် ကပြတဲ့အခါမှာ ဆောင်းရတဲ့ မကိုဋ်ခေါင်း တလုံးရဲ့ တန်ဖိုးက အခုကာလမှာ သိန်း ၁၅၀ ကနေ သိန်း ၂၀၀ အထိကုန်ကျပါတယ် လို့ ဖျာပုံရာမအသင်းက ကိုဇော်ဦးကပြောတယ်လို့ ဟိုတလောက ဖတ်လိုက်ရပါသေးတယ်။ အဲသည် မကိုဋ်ခေါင်းတွေကို အပြင်မှာ အော်ဒါအပ်ပြီး လုပ်ကြတာ မဟုတ်ပါဘူး၊ ရာမအသင်းသားတွေ ကိုယ်တိုင်လုပ်ကြရတာပါ။ ပြောရရင် ကုန်ကြမ်းဈေးကပဲ အဲသည်လောက် ကုန်ကျတာပေါ့။ ဒွာဒယာတွေဆိုရင် မှန်စီ၊ ဘော်ကြယ်ထိုးတွေပါ။ ဒွာဒယာတွေကိုတော့ ဘော်ကြယ်ထိုး လုပ်ငန်းတွေမှာ ပုံစံပေးပြီး အပ်တာလည်း ရှိပါတယ်။ ရာမအသင်းတသင်း ရဲ့ အရင်းအနှီးက နည်းနည်းနောနောမဟုတ်ပါ။ သည်လိုဆိုတော့ ရာမဇာတ်ကတဲ့အသင်း အဖွဲ့တွေဟာ ဘတ်ဂျက်တော်တော် တောင့်တယ်လို့ယူဆစရာပေါ့၊ အဲသည်လို ထင်လိုက်လို့မရပါဘူး။ ရာမာယဏ အသင်းတွေရဲ့ ဘတ်ဂျက်က ချို့ငဲ့ပါတယ်။ အရှေ့မှာ အခမဲ့မတ်တင်းလို့ပြောရတာက စုရပ် (အသင်းတိုက်) ကနေ ကပြမယ့်နေရာအထိကို ပွဲငှားသူတွေက ယာဉ်ရထား စီစဉ်ပေးပေမယ့် ကိုယ့်အိမ်ကနေ စုရပ် (အသင်းတိုက်) ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်အရောက်သွားရတာမျိုး၊ ကိုယ်လိမ်းမယ့် မိတ်ကပ်လိုမျိုး၊ ဆွဲပုတီး၊ ပုဝါ၊ ဖိနပ် စတာမျိုးတွေကို ကိုယ့်အိပ်ကပ်ထဲက (ကျွန်တော်ငယ်ငယ်ကဆို မေမေ့ဆီကတောင်းတောင်းပြီး) ဖြည့်ရတာပါ။ ပွဲကလို့ ရတဲ့ ဇာတ်ငှားခလိုမျိုးအလှူငွေကိုတော့ အသင်းရံပုံငွေ အနေနဲ့ထားကြပါတယ်။ အဲသည်ရံပုံငွေထဲကမှ ဇာတ်ဝင်ပစ္စည်းတွေ ပြင်ဆင်ထိန်းသိမ်းစရိတ်တွေလိုမျိုးကို သုံးရတာပါ။ 
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကတော့ ရာမဇာတ်မှာ ပါဝင်ကပြတဲ့သူတွေက (ကျွန်တော်လည်းပါခဲ့ဖူးပါတယ်) ရာမဇာတ်ကို Crazy ဖြစ်နေသူတွေပဲပေါ့။

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ