About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jul 31, 2010

ရာမာယဏ နှင့် စောင့်ရှောက်ထိန်းသိမ်းမှု



မြန်မာပြည်မှာ ရာမာယဏဇာတ်တော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်သူတွေအနေနဲ့ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့ ရာမာယဏအသင်းတွေ ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ကဇာတ်ဌာနခွဲကတော့ ကဇတ်အနေနဲ့ ကပြတာဖြစ်ပြီး၊ အရပ်သားအဖွဲ့တွေက သမားစဉ်အတိုင်း ဇတ်တော်ကြီး သဏ္ဍာန် ကပြတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုရ ခေတ်လောက်ကတည်းက ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေမှာ လိုက်ပါခဲ့ရင်းနိုင်ငံတကာမှာ မြန်မာရာမာယဏဇာတ်တော်က ခြေဆန့်ခဲ့တာပါ။
လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ကဇာတ်ဌာနခွဲက ခြေဆန့်ခဲ့ပါသေးတယ်။ အခုလည်း ရွှေမန်း ဦးဝင်းမောင် လိုမျိုး၊ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့ လိုမျိုး သူတွေက နိုင်ငံတကာမှာ မြန်မာရာမာယဏရယ်လို့ ခန့်ခန့်ထည်ထည်တင်ပြနိုင်အောင်ကြိုးစားကြနေပါတယ်။
အစိုးရမဟုတ်တဲ့အဖွဲ့တွေဟာ သူတို့ရဲ့အသိနဲ့ သူတို့၊ ကိုယ့်စွမ်းကိုယ့်အားနဲ့ ရပ်တည်နေကြရတာဖြစ်လို့ ရာမာယဏဇာတ်တော်ရဲ့ အနာဂါတ်ဟာ ဘဏ္ဍာရေး နဲ့ လူသားအရင်းအမြစ် ပြဿနာတွေကို လက်ရှိထိန်းသိမ်းနေရတဲ့သူတွေက ဘယ်လိုဖြေရှင်းပေးနိုင်မှာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဟိုးတုန်းကတည်းက ရာမာယဏဇာတ် တိမ်မြုပ်မသွားအောင် ရှေးလူကြီးတွေ စီစဉ်ခဲ့ကြတာရှိပါတယ်။ ရာမာယဏမှာ ကပြတဲ့သူတွေက ဇာတ်ရုပ်တရုပ်ကို သားစဉ်မြေးဆက် အမွေဆက်ခံရပါတယ်။ အခုတော့ မလုပ်နိုင်ကြတော့ပါဘူး။ ဒါပေမယ့် လူကြီးပိုင်းကတော့ ရသလောက် ထိန်းသိမ်းနိုင်ဖို့ အားထုတ်နေကြတုန်းပါပဲ။ အဲသည် အစဉ်အလာကို ဖျာပုံ၊ ဘိုကလေး၊ အိုးဘို၊ သီရိ ရာမဇာတ်တွေမှာ အနည်းအကျဉ်းလောက်ကနေစပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးစားကြရပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ အနုပညာအပေါ် စိတ်ဝင်စားမှုက အနောက်တိုင်းဂီတ၊ အနောက်တိုင်း ယဉ်ကျေးမှုတွေဆီကို ရောက်နေကြတာ ကြာပါပြီ။ ရိုးရာအစဉ်အလာဆိုတာကို ဟောင်းနွမ်းတဲ့အရာလို့ ယူဆတဲ့သူတွေက အများစုဖြစ်နေပါပြီ။ (ဟိုတုန်းက ကျွန်တော် အိုးဘိုရာမအသင်းမှာ ကခဲ့တုန်းကဆို ရွယ်တူ လူငယ်သူငယ်ချင်းတွေက သောက်ရူး လို့တောင် ခေါ်ခံခဲ့ရတာပဲ။)

အဲသည်အခြေအနေမှာ အသင်းကလူကြီးတွေက ကျောင်း အနုပညာအသင်းတွေမှာ လိုက်ရှာတာမျိုးရှိပါတယ်။ အဲသည်လိုရှာတွေ့ရင် သေချာ အချိန်ယူလေ့ကျင့်ပေးပြီး၊ အရံနေရာတွေမှာ (တချို့ပွဲတွေမှာဆိုရင် ဇာတ်ရုပ်တရုပ်အတွက် ၂ ယောက် ကရတာမျိုးရှိပါတယ်) ထားပြီး အသင်းကို ထောက်ကန်ရပါတယ်။ အဲသည်လိုအပြင် အကဝါသနာပါတဲ့ တချို့ကလေးငယ်တွေကိုလည်း လေ့ကျင့်ပေးရပါတယ်။

သည်လိုထောက်ကန်ဖို့ ကြိုးစားတဲ့အထဲမှာ အက(ဇာတ်)ပညာ တမျိုးတည်းကိုပဲ လေ့ကျင့်ပေးတာမဟုတ်ပါဘူး၊ ဇတ်ဝင်ပစ္စည်းတွေပြုလုပ်တဲ့ ဥပမာ မကုဋ်ခေါင်းတော်တွေလုပ်တာ၊ ဒွာဒယာတွေချုပ်လုပ်တာတွေပါ လေ့ကျင့်ပေးပါတယ်။ အတတ်ပညာတခုကို လေ့ကျင့်ပေးဖို့ လူတယောက်ကို ရှာရတာ တကယ်တမ်းတော့မလွယ်ပါဘူး။ အဲသည်လူတွေကရော အသင်းမှာ ရေရှည်ရှိပါရဲ့လား ... ။ ကိုယ်စီကိုယ်ငှ ဘဝရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်ရတဲ့အခါ အသင်းနဲ့ ဝေးရာကိုရောက်သွားကြတာပါပဲ။ တချို့ အစိုးရဝန်ထမ်းလုပ်သူတွေဆို နယ်ပြောင်းရတဲ့အခါတွေမှာ အသင်းမှာ ကိုယ်တိုင်ပါဝင်နိုင်ဖို့ မလွယ်တော့ပါဘူး။ အရေးအကြီးဆုံး တခုက သည် ယဉ်ကျေးမှုထိမ်းသိမ်းတဲ့အတတ်ပညာနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ထမင်းမှ မဖြစ်တာကို ...။

သည်တော့ တကယ်တမ်းကပြရတော့မယ်ဆိုရင် အသင်းသားတွေက လူစုံ လူပြည့် ရောက်တတ်တာမျိုး မရှိလှပါ။ လူတယောက်ဟာ တခါတလေ ဇာတ်ရုပ် ၂ ရုပ်ရဲ့အထက်မှာ ကပြကြရတာမျိုးရှိပါတယ်။ အိုးဘိုရာမက အဘ ဦးစံရင် ပြောဖူးတာ မှတ်မိနေပါသေးတယ်။ ဟေ့ကောင် ဇာတ်ထဲမှာ စောစောသေလို့ စောစောအိပ်ရတယ် ဆိုတာ ငါတို့ဆီမှာ မရှိဘူး၊ သေပြီးရင် ဘဝကူးတာပဲရှိတယ် ... တဲ့။ အဘပြောတာက နောက် character တခုနဲ့ စင်ပေါ် ပြန်တက်ရတာကို ပြောတာပါ။ ရာမဇာတ်အသင်းမှာ ဇတ်ရုပ်တရုပ်အတွက် လူ နှစ်ယောက်လောက်ကို လေ့ကျင့်ပေးထားလေ့ရှိပါတယ်။ ခေါင်းကြီးဆောင်းလို့ခေါ်တဲ့ အဓိကဇတ်ရုပ်မှာ ကပြရတဲ့သူတွေကလွဲရင် ခေါင်းကြီးဆောင်း အရံလူအပြင် ကျန်တဲ့သူတွေက ဘုရင်ဖြစ်လိုက်၊ မင်းစေဖြစ်လိုက်၊ ဖိုးသူတော်ဖြစ်လိုက်၊ စစ်သည်ဖြစ်လိုက်၊ ဘီလူးဖြစ်လိုက်၊ မျောက်ဖြစ်လိုက် နဲ့ အပြောင်းအလဲ အတက်အဆင်းများတဲ့ လောကဓံကြီးတခုကို တညတည်းမှာ ဖြတ်သန်းရတော့တာပါပဲ။ ဒါတောင်မှ တနှစ်ကို နှစ်ပွဲ သုံးပွဲထက် ပိုပြီး မကရတဲ့ ဇာတ်ပါ။

ရာမယဏဟာ မြန်မာ့ဓလေ့ရဲ့ မူပိုင်ဇာတ်တော့မဟုတ်ပါ။ ဒါပေမယ့် အဘ(ရာမ)ဦးအုန်းမောင်ပြောပြခဲ့ဘူးတဲ့ အတိုင်းဆိုရင် ပုဂံခေတ်လောက်ကတည်းက အန္ဒိယက ဗိသုကာ ယဉ်ကျေးမှုတွေနဲ့အတူ အိန္ဒိယ မြေဝိုင်းကဇာတ်တွေ အနေနဲ့ စတင်ရင်းနှီးခဲ့တာပါ။ အင်းဝခေတ် မှာတော့ မြန်မာပြန်မူ စာနဲ့ပေနဲ့ ဖြစ်လာခဲ့ပါပြီ။ တကယ်တမ်း ကုန်းဘောင်ခေတ်ကို ရောက်တော့မှ ဇာတ်သဘင်အနေနဲ့ ကပြခဲ့တာပါ။ မရှေးမနှောင်းမှာပဲ လူထုကြားထဲကို ရောက်လာခဲ့တာပါ။ မြန်မာ့ ယဉ်ကျေးမှုမှာတော့ နှစ်ပေါင်း တရာ့ငါးဆယ်ကျော် သက်တမ်းပါဝင်လာခဲ့ပြီးပါပြီ။ သည်ရိုးရာအမွေအနှစ်တခုကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် မျိုးဆက်သစ်တွေက ဘယ်လို တာဝန်ယူနိုင်ကြမှာလဲ ဆိုတာတော့ မရေရာလှသေးသလိုပါပဲ။

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ