ကျောက်တန်းဆည်ခန်း၊ ဘိဘိဇန နှင်ခန်း
သီတာ လင်္ကာဒီပတွင် ရှိကြောင်း အတည်ပြုချက်ရရှိပြီးနောက် ရာမ သည် သုကြိတ်၊ ဟနုမာန် ဦးဆောင်သော ကိဿကိန္နာတပ်နှင့် လင်္ကာဒီပ သို့ စစ်ချီလေသည်။ လင်္ကာဒီပ တဖက်ကမ်းသို့ရောက်သောအခါ လင်္ကာဒီပသို့ ဆက်လက် ချီတက်နိုင်ရန်အတွက် ကျောက်တန်းဆည်စေသည်။ ကျောက်တန်းထက်ဝက်ဆည်မိပြီးနောက် ကျောက်တန်းဆည်သမျှ ရေအောက်မှ ဖျက်စီးနေသောကြောင့် ရန်သူကို ရှာဖွေရာ ပုဇွန်လုံးကြီးတစ်ကောင် ဖျက်ဆီးနေသောကြောင့် ဖမ်းဆီးကာ လက်မချိုး၍ လွှတ်လိုက်ရသည်။
ထိုအချိန် ဒဿဂီရိ၏ ညီလာခံတွင် ဘိဘိဇန က သီတာဒေဝီကို ပြန်မအပ်ပါက ဒဿဂီရိ ပျက်စီးမည်ဖြစ်သောကြောင့် ပြန်အပ်ကာ စစ်ပြေငြိမ်းစကားကမ်းလှမ်းရန် တင်ပြသဖြင့် ဒဿဂီရိက ဘိဘိဇနအား လင်္ကာဒီပမှ မောင်းထုတ်လိုက်သည်။
ဒဿဂီရိ က အကယ်၍ သီတာ မရှိတော့ပါက ရာမ ၏ လင်္ကာဒီပ စစ်ဆင်ရေး ပြန်ရုပ်သိမ်းသွားနိုင်သည် ဟု ယူဆကာ (ကျွန်တော် နာမည်မေ့နေတဲ့) ဘီလူးမ တစ်ဦးကို သီတာဒေဝီ ၏ ရုပ်အလောင်း အဖြစ် ဖောင်ပေါ်တင်ကာ မျှောလွှတ်လိုက်သည်။ အလောင်း ကိုတွေ့သောအခါ ရာမ နှင့် လက္ခဏ က သီတာ ၏ အလောင်းဟု ထင်ကြသည်။ ဘိဘိဇန (ထိုင်း ဗားရှင်း မှာတော့ ဟနုမာန်) က အခြေအနေကို သိ၍ အလောင်းကို မီးသဂြိုလ်ခိုင်းသောအခါ ဘီလူးမ ထွက်ပြေးရသည်။
ဒဿဂီရိစစ်ထွက်ခန်း၊ မီးပုံဆင်း၊ ပြည်တော်ဝင်
ဒဿဂီရိ နှင့် မတိုက်ရမီ ဂုမ္ဘီဂန္ဓ အလျင်ထွက်တိုက်ရာ ဂုမ္ဘီဂန္ဓ ကျသည်။
စစ်ပွဲအတွင်း ပံသုယက္ခ က ရာမ ကို ဘိဘိဇန အယောင်ဆောင်ကာ ခိုးယူသွားသည်။ လက္ခဏက ဘိဘိဇနအား အချုပ်ချထားကာ ဟနုမာန်ကို ရာမအား ကယ်တင်ခိုင်းသည်။ ဟနုမာန်က ရာမ ကို အချုပ်တွင် သွားတွေ့ကာ နောက်နေ့ ယဇ်ပူဇော်ရန် ကန်တော့ခိုင်းပါက ပံသုယက္ခအား မိမိ မကန်တော့တတ်၍ အလျင် ကန်တော့ပြပါ ဟု ဆိုရန် ရာမအား ပြောခဲ့သည်။ ပံသုယက္ခ ကန်တော့ပြနေစဉ် ဟနုမာန်က ပံသုယက္ခအား လုပ်ကြံ၍ ရာမ ကို ကယ်တင်ခဲ့သည်။
ဒဿဂီရိ၏ သား ဣန္ဒြစိတ္တ ကိုယ်ယောင်ဖျောက်ပြီး ထွက်၍ တိုက်သောအခါ ရာမ နှင့် လက္ခဏ ဒဏ်ရာရကာ မိန်းမောလေသည်။ ဇဗ္ဗုမာန်က ဆေးမြစ်ကို ဂန္ဓမာတောင်တွင် ရှာခိုင်းသည်။ ဂန္ဓမာတောင်အရောက် ဟနုမာန်က ဆေးမြစ်ကိုမသိ၍ တောင်ကလာပ်ကို ဖဲ့ကာ ထမ်းပြန်ခဲ့သည်။ ဘိဘိဇနက မိန်းမတဦး၏ မျက်နှာကို ၁၀ နှစ် မမြင်ဖူးသူမှသာ ဣန္ဒြစိတ္တအား မြင်နိုင်မည် ဟု ဆိုသည်။ လက္ခဏက သီတာ၏ မျက်နှာကို မကြည့်ဖူးသဖြင့် ဣန္ဒြစိတ္တ ကို ရှာကာ လက်ညှိုးညွှန်ရာသို့ ရာမက မြှားနှင့် ပစ်သဖြင့် ဣန္ဒြစိတ္တ ကျသည်။
နောက်ဆုံး ဒဿဂီရိကိုယ်တိုင် စစ်ထွက်ရာတွင် ရာမ၏ မြှားသင့်ကာ ဒဿဂီရိ ကျသည်။
သီတာဒေဝီအား ဟနုမာန်က ဆောင်ယူကာ ရာမထံဆက်သသည်။ ရာမ က ဒဿဂီရိထံ ၃ နှစ်လုံးလုံး ရှိနေခဲ့သဖြင့် ပြန်လက်ခံပါက အများ ကဲ့ရဲ့ကြမည် ဟုဆိုသဖြင့် သီတာက သစ္စာဆိုကာ မီးပုံတွင်ဆင်းသည်။ မီးပုံမီးငြိမ်းသဖြင့် ရာမ က သီတာ ကို ပြန်လက်ခံလိုက်သည်။ အယုဒ္ဒယ မှ ထွက်ခဲ့သည်မှာလည်း ၁၂ နှစ် ပြည့်ပြီဖြစ်၍ ရာမ၊ သီတာ နှင့် လက္ခဏတို့ တိုင်းပြည်သို့ ပြန်ကြသည်။
သီတာဒေဝီနှင်ခန်း
တနေ့သောအခါ ရာမ က သီတာဒေဝီ၏ အဆောင်တွင် ဒဿဂီရိ၏ ပုံကိုတွေ့သဖြင့်မေးရာ သီတာက မောင်းမတို့ ဒဿဂီရိအား မမြင်ဖူးသောကြောင့် ပုံဆွဲပြကြောင်း လျှောက်သည်။
ရာမ က သီတာကို နန်းတော်မှ နှင်ထုတ်ကာ အဝေးသို့ ပို့ဆောင်ရန် လက္ခဏအား အမိန့်ပေးသည်။
(မူကွဲမှာ လက္ခဏကို သတ်ခိုင်းတော့ ကိုယ်ဝန်နဲ့မို့ လက္ခဏက မသတ်ဘဲ လွှတ်လိုက်ပြီး ခြင်္သေ့ဆီကို နရဏီ ရွှေခွက်နဲ့ထည့်ပြီး ရာမကို ပြန်ဆက်သတယ် ဆိုပါတယ်။)
သီတာ သည် ရသေ့ ဝါလမိကိ ၏ ကျောင်းတွင် မှီခိုနေထိုင်ရင်း သားတော် နှစ်ပါး ဖွားမြင်သည်။
ရာမ မြင်းလွှတ်ခန်း၊ သားတော်နှစ်ပါး နှင့် စစ်ပြုခန်း
ရာမ က သူ၏ စီးတော်မြင်းကို အတိုင်းတိုင်းအပြည်ပြည်သို့ လွှတ်စေသည်။ မြင်းကိုတွေ့၍ ရာမ ၏ မြင်းမှန်းသိပါက လက်ဆောင်ပဏ္ဏာဆက်ရမည်၊ မြင်းကို ဖမ်းဆီးပါက စစ်ပြုရမည် ဟု လက္ခဏကို တာဝန်ပေးသည်။ ရသေ့ကျောင်းတွင် မွေးသော ရာမ ၏ သားတော် နှစ်ပါးက မြင်းကို ဖမ်းသောကြောင့် စီးချင်းထိုးရာ လက္ခဏ မြှားထိ၍ မိန်းမောကာ စစ်မြေပြင်တွင် ကျန်ခဲ့သည်။
ရာမ ကိုယ်တိုင် လိုက်လာ၍ စီးချင်းထိုးသောအခါ ရာမ လည်း သူငယ်များ၏ မြှားထိသဖြင့် မိန်းမောသည်။ သားတော် နှစ်ပါးက ဟနုမာန်ကို ဖမ်း၍ ရာမ ၏ မကိုဋ်ကို ယူကာ သီတာထံရောက်သောအခါ သီတာက ဖြစ်စဉ်ကို ရှင်းပြကာ ငိုသည်။ ဝါလမိကိရသေ့က ရေစင်ဖြန်းသောအခါ ရာမ၊ လက္ခဏ နှင့် အခြားစစ်သည်များ အသက်ပြန်ရှင်လာကြပြီး ရာမ လည်း သီတာ နှင့် သားတော်များကို ခေါ်ကာ ပြည်တော်သို့ ပြန်သည်။
(မူကွဲမှာ သီတာက ရာမ ခေါ်ရာကို မလိုက်တော့ပဲ သူ့ မူလလာရာအရပ်ဖြစ်တဲ့ မြေထဲကို ပြန်သွားတယ် လို့ ဆိုပါတယ်)
နန်းတွင်း ရာမာယဏ ဇတ်တော်ကြီး လို့ခေါ်တဲ့ ပုံတော်ရာမ ဇတ်လမ်းအကျဉ်းက သည်မှာပဲဆုံးပါတယ်။ကိုးကား ရည်ညွှန်းစရာ အနားမှာ ဘာမှ မရှိလို့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်က လေ့လာခဲ့ဖူးသမျှကို ပြန်ညှစ်ထုတ်တဲ့အခါ သည်လောက်ထွက်လာတော့မှ ကိုယ့်ရဲ့ ရာမာယဏခရေဇီ ဘယ်လောက်အထိ ဆိုးနေသေးသလဲဆိုတာ ရိပ်မိတော့တယ်။