ကိဿကိန္နာ ဖွားခန်း၊ ဟနုမာန်ဆုရခန်း
ကိဿကိန္နာတွင်လည်း ဘုရင် မျောက်မင်း၏ မိဘုရား တွင် သုကြိတ် နှင့် ဘာလီ မွေးဖွားသည်။ ထို့အပြင် ဟနုမာန် နှင့် ဇဗ္ဗုမာန် တို့သည်လည်း ကိဿကိန္နာတွင် မွေးဖွားကြသည်။
လေနတ်သား၏ သားဖြစ်သော ကလေးငယ်ဟနုမာန်သည် နေကိုမြင်သောအခါ မိမိအစာမှတ်၍ နေကို ဖမ်းကာကစားရန် ပြုသောအခါ နေနတ်သားက သိကြားထံ ပြေးတိုင်သည်။ သိကြားက အရွယ်မရောက်မီ ဆိုးသွမ်းလွန်းသော မျောက်အား ငယ်ရွယ်စဉ်ကတည်းက ဖျက်ဆီးပစ်မည်ဟု ဝရဇိန်လက်နက်ဖြင့် ပစ်ချသည်။ ဝရဇိန်လက်နက်ဒဏ်ဖြင့် ဟနုမာန် မိန်းမောနေစဉ် ဖခင်လေနတ်သားက သိကြားအား တောင်းပန်သောကြောင့် အသက်ချမ်းသာရသည့်အပြင် ရေ၊ မီး၊ လက်နက် တို့ကြောင့် သေခြင်းမှ ကင်းလွတ်ခွင့်ပါ ရသည်။
ဆုရသော ဟနုမာန်သည် ထိန်းသိမ်းမရဖြစ်လာသည်။ ရသေ့ကျောင်းတစ်ကျောင်းကို ဝင်ရောက်ဖျက်ဆီးသောအခါ ရသေ့က ဟနုမာန်အား ခွန်အားယုတ်လျှော့သော မျောက်ပိန်မျောက်သေး ဖြစ်စေ ဟု ကျိန်လိုက်သည်။ ခွန်အားမဲ့ပြီး ခန္ဓာကိုယ် သေးကွေးသွားသော ဟနုမာန်အတွက် သူငယ်ချင်းဖြစ်သူ ဇဗ္ဗုမာန် က ရသေ့ကို တောင်းပန်ပေးသောအခါ ရာမ နှင့် တွေ့၍ ရာမက ကျောကို သုံးချက်သပ်ပါမှ မူလခွန်အား နှင့် အရွယ်ကို ရစေမည် ဟု ဆိုလိုက်သည်။
ဝသိဒ္ဓသားတောင်းခန်း၊ ကျီးဘီလူးနှိမ်နင်းခန်း၊ ကန်ဆင်း၊ ကန်ထ
ဝသိဒ္ဓရသေ့၏ ကျောင်းသင်္ခန်းရှိသော တောတွင် ကျီးဘီလူးတို့သောင်းကျန်းဖျက်ဆီးသောကြောင့် ရသေ့တို့ တရားကျင့်၍ မရဖြစ်လေသည်။ ထိုအခါ ဝသိဒ္ဓရသေ့က အယုဒ္ဓယ ဘုရင် ဒဋ္ဌရဋ္ဌ ထံတွင် ကျီးတို့ကို နှိမ်နင်းရန် ရာမ ကို တောင်းသည်။ ရာမ နှင့် သရက်သီး တလုံးတည်းမှ သန္ဓေရသော လက္ခဏ သည် သူပါလိုက်မည်ဟုဆိုကာ ရာမ နှင့်အတူ လိုက်ခဲ့သည်။ ကျောင်းမရောက်မီ ဘီလူးမစောင့်သော ရေကန်တွင် ညီအကိုနှစ်ယောက် ရေကစားရန် ပြုသောအခါ ဘီလူးမက ကလေးငယ်နှစ်ဦးကို စားမည်ပြုသည်။ လက္ခဏက လေးနှင့်ပစ်ခိုင်း၍ ရာမက ဘီလူးမကို လေးဖြင့် ပစ်သတ်ကာ ညီအကို နှစ်ဦး ရေကန်တွင်း ခုန်ချကာ ရေကစားကြသည်။
ဖိုးသူတော်များလျှောက်သဖြင့် ဝသိဒ္ဓရသေ့က ကလေးငယ်များကို ရှာဖွေခေါ်ယူသောအခါ ကန်တွင်းမှ ရာမ သည် မြစိမ်းရောင်၊ လက္ခဏသည် ရွှေရောင်အဆင်းဖြင့် ကန်မှ တက်လာသည်။
ရာမ နှင့် လက္ခဏသည် ရသေ့ကျောင်းတွင် ကျီးဘီလူးများ ကို နှိမ်နင်းရင်း အဋ္ဌာရဿအတတ်ပညာများ သင်ကြားခဲ့ကြသည်။
ပရာသု(ဗျသု) ပသျှူးရာမ ဥပုဒ်ဝင်ခန်း၊ ဒဿဂီရိ ဥပုဒ်ဝင်ခန်း
တရားဓမ္မဖြင့် မွေ့လျော်သော ဗျသု ပသျှူးရာမမင်းသည် လက်စွဲအမတ်တဦးနှင့်အတူ ဓမ္မိကတောင်ထိပ်တွင် ဥပုဒ်ဝင်လျက်ရှိသည်။
ထိုအချိန်တွင် ဒဿဂီရိသည်လည်း စွယ်ရောင်မှိန်သဖြင့် ဘိဘိသန အား ဇာတာစစ်စေရာ ဘိဘိသနက ကံဇာတာ ညံ့သောကြောင့် ဥပုဒ်ဝင် ရေကသိုဏ်းရှုရန် လျှောက်သဖြင့် ထီးနန်းအား ဥပရာဇ် ဘိဘိသန၊ သားတော် မေဃနာဃ တို့ကို အစောင့်အနေထား၍ ဓမ္မိက တောင်ခြေတွင် ဥပုဒ်ဝင်သည်။
ခုနှစ်ပြည်ထောင်စစ်ပြုခန်း၊ သိကြားလေးဆက်ခန်း၊ မြင်းစေခန်း၊ စာပစ်-စာကောက်။
မိတ္ထီလာပြည်တွင် သီတာဒေဝီမင်းသမီးသည် အရွယ်ရောက်ပြီး အလှသတင်းကျော်ဇောသဖြင့် ခုနှစ်ပြည်ထောင် မင်းများက ဇနက္ကမင်းထံတွင် သမီးကညာ မပေးပါက စစ်ပြုမည်ဟု ဆိုလာသည်။
သိကြားမင်းက ဇနက္ကမင်းအား အဋ္ဌစန္ဒာ လေး ကို ဆက်၍ လေးကို ချီနိုင်၊ တင်နိုင်၊ ပစ်ခွင်းနိုင် မှ သမီးနှင့် ထိမ်းမြားစေရန် မှာကြားသည်။
လေးတင်ပွဲပြုလုပ်ရန် မြင်းစေများဖြင့် ဖိတ်စာကမ်းရာ ပသျှူးရာမထံ ဖိတ်စာသဝဏ်ရောက်သည်။ ဥပုဒ်မှ အထ ဖိတ်စာကို ဖတ်ရလျှင် ခြေမ လက်မပင် မပယ်ကောင်း၍ ထားရသည် ဟုဆိုကာသဝဏ်လွှာကို တောင်ထိပ်မှ ပစ်ချလိုက်သည်။
သဝဏ်လွှာသည် လေတွင်လွင့်၍ တောင်ခြေမှ ဒဿဂီရိထံကျသည်။ သဝဏ်လွှာတွင်ပါသော သီတာဒေဝီ၏ ရုပ်ပုံကို မြင်သော် ဒဿဂီရိသည် သီတာဒေဝီအား ချစ်ခင်တက်မက်ကာ နောက်လိုက် အဖော်မခေါ်ဘဲ လေးတင်ပွဲသို့ တစ်ပါးတည်း သဝဏ်နှင့်တကွ ကြွချီလေသည်။
ကျောင်းတော်ထ၊ လေးတော်တင်ပွဲ။
ဇနက္ကမင်း၏ လျှောက်ထားစာရောက်၍ လေးတင်ပွဲတွင် အခါပေးရန် နှင့် လေးတင်ပွဲကို ကြပ်မတ်ရန်အတွက် ဝသိဒ္ဓ ရသေ့သည် မိတ္ထီလာသို့ ကြွရန်ရှိသဖြင့် ရာမ နှင့် လက္ခဏအား ကျောင်းစောင့်နေခဲ့ရန် မှာကြားသည်။ ညီနောင် နှစ်ပါးက လေးတင်ပွဲကို မမြင်ဘူးသဖြင့် လိုက်လိုကြောင်း လျှောက်ရာ ကိုယ်၊ စိတ် နှစ်ပါးကို ထိန်းသိမ်းကာ လိုက်ခဲ့ရန် ခေါ်ကာ လေးတင်ပွဲသို့ သွားကြသည်။
လေးတင်ပွဲတွင် ခုနှစ်ပြည်ထောင်မင်းများသည် လေးကို အင်္ဂါသုံးပါး [ချီ(လေးကို လေးတင်ခုံပေါ်မှ မ,ယူခြင်း)၊ တင် (လေးကြိုးတပ်ခြင်း)၊ ပစ်ခွင်းခြင်း] အနက် ပထမအင်္ဂါကို ပင် မစွမ်းနိုင်ကြပေ။ ထိုအချိန်တွင် ဒဿဂီရိ ရောက်ရှိကာ လေးတင်ပွဲဝင်သည်။ လေးကို မနိုင်သော်လည်း မတင်နိုင်ပေ။ အားလုံးအနက် အစွမ်းဆုံးဖြစ်၍ သီတာဒေဝီအား ပေးရန် တောင်းသည်။
ထိုအခါ ဝသိဒ္ဓရသေ့က ရာမ နှင့် လက္ခဏအား လေးတင်ပွဲဝင်စေရာ ရာမ က လက္ခဏကို အလျင်ဝင်စေသည်။ လက္ခဏက လေးကို မနိုင်၊ တင်နိုင်သော်လည်း ပစ်ခွင်းခြင်းမပြုပေ။
ရာမ က အင်္ဂါသုံးပါးစုံအောင် လေးကို တင်၍ ဒဿဂီရိအား မြှားနှင့်ခွင်းရာ ဒဿဂီရိမှာ လွတ်အောင် ပြေးရလေသည်။ ထိုမြှားသည် ဓမ္မိကတောင်အလယ်သို့ စိုက်ဝင်သဖြင့် ပသျှူးရာမ နှင့် နောက်ပါအမတ်တို့ တောင်ပေါ်မှ ပြုတ်ကျသည့်အခါ ပသျှူးရာမ သည် ဒေါသဖြစ်ကာ ရာမအပြန်လမ်းတွင် တိုက်ရန် စောင့်သည်။