About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Sep 6, 2010

ရာမဇတ်တော်ကြီး - ၁

ရာမာယဏဇတ်တော်ကြီး ကို လူတိုင်း သိကြပေမယ့် ဇတ်လမ်း အစအဆုံးကိုတော့ သိရှိသူ နည်းပါလိမ့်မယ်။
ပုံတော်ရာမ လို့ ခေါ်တဲ့ ရာမာယဏ ဇတ်တော်ကြီး ရဲ့ဇတ်လမ်းအကျဉ်း ဆိုပေမယ့် တော်တော် ရှည်နေလို့ အပိုင်းတွေခွဲပြီး ဖော်ပြပါတယ်။ကျွန်တော်ကိုယ်တိုင် စာရိုက်ပျင်းတာထက် နာမည်တွေကိုတောင် တော်တော် စဉ်းစားရတာမို့ပါ။ (တချို့ စာလုံးပေါင်း မှားနေတာ ရှိနိုင်ပါတယ်။)


သိကြား အသုရာ တိုက်ခန်း (ဖျာပုံ နန်းတွင်းရာမဇတ်တော်ကြီး အဖွဲ့)

ရာမာယဏဇတ်တော်ကြီး

ရာဝဏ ဖွားမြင်ခန်း

လင်္ကာဒီပ ဘုရင် ဣရဏ္ဏပုသျှ ဘီလူးမင်း ၏ သမီးတော် ဂုန္ဓီသည် ဥယျာဉ်အတွင်း အပျိုတော်များနှင့်ကစားရင်း ဝိဇ္ဇာထိုရ် နှင့် မေတ္တာမျှရာမှ ရာဝဏ၊ ဘိဘိသန (ဘိဘိဇန)၊ ဂမ္ဘီ နှင့် ဂုန္ဘီဂန္ဓ တို့ကို ဖွားမြင်သည်။

ရာဝဏ ဆုပန်ခန်း၊ နန်းရခန်း

ဘီလူးငယ်များသည် တနေ့သောအခါ ဗြဟ္မာမင်းအား သစ်သီးဆွမ်းကပ်ကြသည်။ ထိုအခါ ဗြဟ္မာမင်းက လိုရာဆုတောင်းစေသောအခါ ကလေးငယ်များက လိုရာဆုကို တောင်းကြသည်။

ရာဝဏ က အနှိုင်းမဲ့စွမ်းအင်၊ ဆုံးစမဲ့ ဘုန်းတန်ခိုး နှင့် ထာဝရ မသေနိုင်သော ဆုကိုတောင်းသည်။ ဗြဟ္မာမင်းက အရွယ်ရောက်ချိန်တွင် အများထက်ကြီးမားသော ဘုန်းတန်ခိုး၊ စွမ်းအင် နှင့် လူ၊ မြောက်၊ လေးလက်နက် ကြောင့်မှ တပါး မသေနိုင်သော ဆုကို ပေးသည်။

ဘိဘိသန က ပညာအရပ်ရပ်တို့၌ ကြွမ်းကျင်နှံ့စပ်ကာ ထက်မြက်သော သုခမိန်ဆုကိုတောင်းသည့်အတိုင်းရသည်။

ဂမ္ဘီသည်လည်း အလှ နှင့် မာယာတို့၌ သူတထူးထက် သာလွန်သော ဆုကို တောင်းသည့်အတိုင်းရသည်။

အပျင်းကြီးသော ဂုန္ဘီဂန္ဓ က ထာဝရ အိပ်စက်ခွင့်ကိုတောင်း၏။ ထာဝရ အိပ်စက်ခြင်းသည် သေခြင်းတရားဖြစ်သည် ဟု ဗြဟ္မာက ရှင်းပြကာ ၆ လ အိပ် ၆ လ နိုး ဟု ဆုကို ပေးသည်။ နိုးနေသော ၆ လ အတွက် စားစရာကို ပါတောင်းသော အခါ ဗြဟ္မာက ထိုဆုကိုပေးသည်။

ဘီလူးကလေးငယ်များ အရွယ်ရောက်သောအခါ မယ်တော်ဂုန္ဓီ သည် အဖိုးဖြစ်သူ လင်္ကာဒီပ ဘုရင်ထံ ခေါ်ဆောင်ကာ ရှေ့တော် သွင်းလေသည်။ ဘီလူးမင်းက မြေးတော် ရာဝဏအား နန်းအပ်ကာ တောထွက်တော်မူသည်။ ရာဝဏ နန်းရသော် ဒဿဂီရိအဖြစ် ဘုန်းတန်ခိုး ထွန်းတောက်လေသည်။ ဒဿဂီရိ သည် လင်္ကာဒီပ ကို တရားနှင့်အညီ အုပ်ချုပ်မင်းပြုသည်။

သိကြား အသုရာစစ်ပွဲ

ဒဿဂီရိ မင်းပြုစဉ် စစ်ရှုံးလာသော အသုရာမင်း က ဒဿဂီရိထံ စစ်ကူ တောင်းလာသည်။ ဒဿဂီရိ စစ်ကူတိုက်သောကြောင့် သိကြားတပ်ပျက်လေသည်။ ထိုအခါ အသုရာက ရထားပျံ ကို လက်ဆောင်အပ်နှင်းသည်။

ဂန္ဓဗ္ဗနတ်သမီး စုတေခန်း

ဘုန်းတန်ခိုးကြီးလာသော ဒဿဂီရိသည် ထင်တိုင်းကြဲလာသည်။ တခါတွင် နေနတ်သားနှင့် သစ္စာထားပြီးသော ဂန္ဓဗ နတ်သမီးအား နိုင်ထက်ပြုလေသောအခါ နတ်သမီးက ဖြစ်လေရာဘဝ၌ ဒဿဂီရိ ကို နိုင်ရပါစေ ဟု ကျိန်ဆိုပြီး မီးပုံတွင် စုတေလေသည်။ ကျိန်စာကို ကြောက်သောကြောင့် ဒဿဂီရိက ထိုမီးပုံကို ဘီလူးအမတ်တယောက်အား စောင့်ကြပ်ခိုင်းသည်။ တနေ့တွင် မီးပုံနေရာမှ ကြာဖူးထွက်လာသောကြောင့် ဘီလူးအမတ်က ဒဿဂီရိထံ လျှောက်တင်၏။ ဒဿဂီရိ က ထို ကြာဖူးကို ကျောက်သတ္တာတွင်ထည့်ကာ သမုဒ္ဒရာတွင် ပစ်ချစေသည်။ နတ်တို့က ထိုကျောက်သေတ္တာကို မိတ္ထိလာပြည် မဟာဇနက္ကမင်း ၏ လယ်မြေသို့ ရွှေ့လိုက်သည်။

ဇနက္ကမင်း လယ်ထွန်မင်္ဂလာဆင်းခန်း

ဇနက္ကမင်း လယ်ထွန်မင်္ဂလာဆင်းချိန်တွင် ထွန်သွားခတ်မိ၍ ကျောက်သေတ္တာ ပေါ်၏။ ကျောက်သေတ္တာအတွင်း ကြာဖူးမှ ဖြစ်သော ကလေးမငယ်ကိုရသော် သားတော် သမီးတော် မရှိသော ဇနက္ကမင်းက သီတာ ဟု အမည်ပေး၍ မွေးစားလေသည်။

သိကြားဗြဟ္မာတွေ့ခန်း၊ နတ်သက်ခြွေခန်း

ဒဿဂီရိသည် မြေအပြင်တွင်သာမက အောက်နတ်ပြည်များအထိ သောင်းကျန်းလာသောအခါ သိကြားမင်းသည် ဗြဟ္မာမင်းထံ သွား၍ ဒဿဂီရိအား ပေးဖူးသော ဆုကို မေးကာ နတ်သဘင်အစည်းအဝေး၌ နတ် ၄ ပါး အား ဒဿဂီရိကို နှိမ်နင်းရန် တာဝန်ပေးလေသည်။ ထိုနတ် ၄ ပါးသည် လူ့ပြည်တွင် ဝင်စားကာ ဒဿဂီရိအား နှိမ်နင်းရန်အတွက် နတ်သက်ခြွေလေသည်။

အခြားသော နတ်သားအချို့လည်း ကိဿကိန္နာတွင် မျောက်အဖြစ်ဝင်စားကာ ဒဿဂီရိကို နှိမ်နင်းရန် မိမိတို့သဘောဖြင့် နတ်သက်ခြွေကြသည်။

အယုဒ္ဓယ သားဆုပန်ခန်း၊ ဖွားတော်မူခန်း

အယုဒ္ဓပြည် ဒဋ္ဌရဋ္ဌ ဘုရင် ၏ မိဘုရား သုံးပါး၌ သားသမီးမထွန်းကားသဖြင့် သားဆုပန်ကြသည့်အခါ သိကြားမင်းက အဗန္တရသရက်သီး နှစ်လုံးကို ဒဋ္ဌရဋ္ဌအား ပေးသည်။ ဒဋ္ဌရဋ္ဌ က မိဘုရားကြီးအား တစ် လုံး၊ အငယ်ဆုံးမိဘုရားအား တစ် လုံး ပေးလိုက်သည်။ မိဘုရားနှစ်ပါးက သရက်သီးမရရှာသော မိဘုရားလတ် ကို တခြမ်းစီ မျှပေးသည်။ သရက်သီး စားပြီးသော မိဘုရားများ တွင် သန္ဓေရပြီး ရာမ၊ လက္ခဏ၊ ဘတရ နှင့် သတ္တုရုဃန တို့ဖွားလေသည်။


တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ