ဖေဖေရေ .. မေမေရေ .. ညီမလေးရေ .. ညီလေးရေ ..
ကိုယ်ကြိုက်တာ ကိုယ်လုပ် တဲ့ .. ငယ်ငယ်က မိဘတွေ သင်ပေးခဲ့တဲ့ အရေးကြီးဆုံး
သင်ခန်းစာ ..
၁၉၈၈ မှာ အစားအစာ(ဟင်း)ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့(ငှက်ဖျားနှိပ်စက်)ခြင်းတွေနဲ့
ကြုံချိန်မှာ မိဘကိုယ်စား အနားမှာ တစုံတယောက်ရှိချင်တဲ့ ဆန္ဒနဲ့ (ခေါင်းဆောင်မှုတာဝန်ကို
လစ်လျှူပြီး) ကိုယ်တိုင် ပါဝင်နေမိတဲ့ စစ်မက်ကာလကြီးအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတာဝန်ကို
နှစ်ပေါင်း အစိတ်လောက် ရွေးချယ်ခဲ့ပါတယ်။
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ခွင့်ရတဲ့ကာလ .. ပျော်ပါတယ် .. ။ အဲသည် ကာလတွေရဲ့ ခံစားမှုတွေ
ဘာနဲ့မှ နှိုင်းမရခဲ့ပါဘူး။ ဖေ မေ အရွယ် သူနာတွေ၊ ညီမ ညီ အရွယ် သူနာတွေ၊ ဖိုး ဖွား
အရွယ် သူနာတွေ ကုသခွင့် ရတိုင်း၊ ပြုစုခွင့်ရတိုင်း အိမ်မှာ ပြုစုခွင့် ရသလို ခံစား နားလည်ခဲ့ရပါတယ်။ ဒါ .. ဥပမာ တစ်ခုပါ။
သမီး သား မျိုးဆက်ကို ရရှိပြီးတဲ့ကာလမှာ သမီး သား ကို မျိုးဆက်အမွေ ဆိုတာ အကောင်းဆုံး
ပေးနိုင်ဖို့ ရွေးချယ်မိတော့ “ကိုယ်ကြိုက်တာ လုပ်” ဆိုတဲ့ စကားလေးပဲ ရွေးမိတယ်။
ကိုယ့်ကို သူများတကာ လုပ်ရင် မကြိုက်ဘူးဆိုရင် ကိုယ်လည်းမလုပ်ပါနဲ့ ဆိုတဲ့ ဆင့်ပွားအနက်ကိုပါ
သင်ပေးတတ်လာတယ်။ ကိုယ့် ခံစားချက်ဟာ ကိုယ်ဖြစ်ချင်စိတ်ဆိုတာကိုလည်း နားလည်စေချင်လာတယ်။
တမလွန်က ဖေဖေ -
ခုချိန်ထိ ကြောင့်ကျ ပူပင်နေတဲ့ မေမေ -
သင်ကြားပေးသည်မျှ အရာရာ မစွမ်းမြောက်ပေမဲ့
တစ်စုံတစ်ရာတော့ မျိုးဆက်လက်ကမ်း
လှမ်းခဲ့လို့ ..
နည်းနည်းတော့ ကြေနပ်ပေးပါ ..
ဒီဇင်ဘာ နှစ်ဆယ့်ရှစ်
မိသားစုဝင်ဖြစ်ခွင့်ရ
သည်ဘဝရဲ့
အနှိုင်းမဲ့အခွင့်အရေး
သံသရာအကြွေး
ဝဋ်တစ်ခု အဖြစ် ဆပ်ခွင့်ပေးပါ့ - ဖေ မေ နဲ့ ညီမလေး ညီလေးရေ ..
(ဝင်းတင့်ဟန်)