ကမ်းလက်ကို
လှမ်းဆက်လိုက်ပါချစ်သူ ...
မဆုံးတဲ့ကောင်းကင်အောက်
ဟိုအဝေး မိုးကုတ်စက်ဝိုင်းအရောက်
တို့ အတူလျှောက်ကြမယ်နော် ...
အိပ်မက်တွေထဲက
နိုးထကြပြီးတဲ့နောက်
ရင်ဆိုင်တည်ဆောက်ကြမယ့်
တို့ လက်တွေ ခိုင်မြဲကြစေ ...
ဟို မှာ တိမ်တွေ မြောလွင့်လို့ ...
ဟိုမှာ ကြယ်တွေ လင်းလက်လို့ ...
ရွက်နုတွေ ပုရစ်စီရီ ...
စီးဆင်းနေတဲ့ သံလွင်မြစ်ကြီး ...
စုန်ဆင်းလာတဲ့ စစ်ပြေးဒုက္ခသည် စစ်စစ်တွေ ...
တောင်တန်းပြာပြာ ချွေးစို့စို့ ... အမော ဆို့ဆို့ ...
တို့နှစ်ယောက်အင်အားက သေးသေးငယ်ငယ်လေးပါ ...
ပုရွက်တစ်ကောင်ရဲ့ အားတောင်မှ မမျှလောက်
တို့ တည်ဆောက်နိုင်သလောက်တော့ ရင်းနှီးကြရမှာပေါ့ ...
တို့နှစ်ယောက်ရဲ့ မနက်ဖြန်တွေ
ရွှေရောင်တောက်ပနေဖို့ ...
ကမ်းလက်ကို
လှမ်းဆက်လိုက်ပါချစ်သူ ...
မဆုံးတဲ့ကောင်းကင်အောက်
ဟိုအဝေး မိုးကုတ်စက်ဝိုင်းအရောက်
တို့ အတူလျှောက်ကြမယ်နော် ... ...